လန်ဒန်၊ ဇန်နဝါရီ ၁၉
ကပ်ရောဂါဆိုင်ရာ lockdown ချထားသည့်ကာလအတွင်းမှာ အစိုးရဝန်ထမ်းများ ပါတီပွဲကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ လွှတ်တော်အတွင်း အထင်အမြင် လွဲမှားနေခြင်းကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၁၈ တွင် ငြင်းဆိုခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းများ ချိုးဖောက်ကြောင်း စွပ်စွဲထားချက်အပေါ် စုံစမ်းရေးကော်မရှင်ထံသို့ ဖြစ်ရပ်မှတ်တမ်းများ ပေးပို့ထားကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဝန်ကြီးချုပ်ကို ယုံကြည်ကြောင်း ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်အစိုးရမှ ထိပ်တန်းဝန်ကြီးများက ပြောကြားခဲ့သော် လည်း အကယ်၍ လိမ်လည်သည်ဟု သက်သေထွက်ပေါ်လာလျှင် ဘောရစ်ဂျွန်ဆင်အနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက် ပေးရမည်ဖြစ်ကြောင်း ထပ်လောင်း သတိပေးခဲ့သည်။
လတ်တလော အနေအထားတွင် ကွန်ဆာဗေးတစ်ပါတီအတွင်း ခေါင်းဆောင်ဖြစ်သူ ဘောရစ်ဂျွန်ဆင်အပေါ် အယုံအကြည် မရှိကြောင်း မဲခွဲ၍ ဖြုတ်ချပေးရန် ဖိအားတိုးလာခဲ့ပြီး ခေါင်းဆောင်ကို မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားမှုများ ရှိနေ သည်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ရာထူးမှ နှုတ်ထွက်ရန် တောင်းဆိုခဲ့သည့် အစိုးရဝန်ထမ်း အစိတ်အပိုင်းများကို အကြီးတန်း အရပ်ဘက်အရာရှိ စူးဂရေး (Sue Gray) က စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ အဆိုပါ တောင်းဆိုခဲ့သူများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလက ဝန်ကြီးချုပ်နေအိမ်တည်ရှိရာ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းတွင် ဆန္ဒထုတ်ဖော်ခဲ့သူ အစိုးရဝန်ထမ်းများလည်း အပါ အဝင် ဖြစ်သည်။
ဗြိတိန် lockdown ကာလကိုတွေ့ရစဉ်။(Reuters)
“ကျနော် လုံးဝ ခွဲခြားသိမြင်တတ်ပါတယ်။ အခုကိစ္စက စည်းကမ်းကန့်သတ်ချက်နဲ့ ဆန့်ကျင်တဲ့ အဖြစ်အပျက်တစ်ခုပါ”ဟု ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း ဗြိတိန်တွင် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ထားစဉ် အစိုးရဝန်ထမ်း များ ညဉ့်နက်ပိုင်း စုဝေးသောက် စားမှုများ ရှိခဲ့ကြောင်း တိုင်ကြားချက်များကို စုစည်းလျက် အကြီးတန်းအရပ်ဘက်အရာရှိ စူးဂရေး (Sue Gray) က အစီရင်ခံသွားမည်ဖြစ်သည်။
ယင်းကဲ့သို့ အစိုးရဝန်ထမ်းများ ကန့်သတ်ချက် ချိုးဖောက်ကြောင်း စွပ်စွဲချက်များသည် အများပြည်သူ မြင်ကွင်း၌ သရော် လှောင်ပြောင်စရာများ ဖြစ်လာခဲ့ပြီး အာဏာရကွန်ဆာဗေးတစ် ပါတီဝင်အချို့က ဂျွန်ဆင်ကို ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက် ပေးရေးအထိ တောင်းဆိုလာခဲ့ကြသည်။
ဂျွန်ဆင်၏ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံရန် အလားအလာကောင်းနေသူ လက်ရှိဘဏ္ဍာရေးအရာရှိ တစ်ဦးဖြစ်သည့် ရီရှီဆူ နက် (Rishi Sunak)ကတော့ ဂျွန်ဆင်၏ရှင်းပြချက်ကို လက်ခံယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သို့သော် လွှတ်တော် အပေါ် လှည့်စားခြင်း၏ အကျိုးဆက်များနှင့်ပတ်သက်၍ ကျင့်ထုံးဥပဒေအရ ကိုင်တွယ်ရမည်ဟု ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။
လွှတ်တော်အပေါ် လှည့်စား၍ တမင်တကာ လိမ်ညာခြင်းသည် သာမန်အားဖြင့် နှုတ်ထွက်ရမည့် ကိစ္စဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ဒေါမနစ်ရက်ဘ်က သဘောတူညီခဲ့သည်။
Source: AP