CNI International News

ဘဲလ်ဂရိတ်၊ ဇန်နဝါရီ ၁၇

ဘော်လကန်ဒေသရှိ ဆားဘီးယားနိုင်ငံတွင် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေး ကြိုးပမ်းမှုအတွက် တိုးတက်ရန် လိုအပ်ချက်ရှိ သည်ဟု လူကြိုက်များသော အစိုးရက ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဇန်နဝါရီ ၁၆ ရက်က ကျင်းပခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

အဆိုပါ ဆန္ဒခံယူပွဲသည် တရားသူကြီးများနှင့် အစိုးရရှေ့နေများ၏ အပြောင်းအလဲများကို အာရုံစိုက်ထားပြီး အကျင့်ပျက် ခြစားမှုရှိလျက် နိုင်ငံရေးအရ ချုပ်ကိုင်ထားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသော တရားရေးမဏ္ဍိုင်အောက်၌ လွတ်လပ်ခွင့် မြှင့်တင်ပေးရန် ရည်ရွယ်ထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ယခုပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးခြင်းသည် လမ်းကြောင်းမှန်ပေါ်သို့ တက်လာသည့် ခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်အုပ်စုနိုင်ငံအချို့က ချီးကျူးခဲ့ကြသည်။

သို့သော် ယင်းပြုပြင်ပြောင်းလဲရေးများသည် လုံလောက်မှုမရှိသေးကြောင်း ဆားဘီးယားပြည်တွင်းရှိ ဝေဖန်သုံးသပ်သူများက ပြောကြသည်။

ဆားဘီးယား သမ္မတ အလက်ဇန္ဒားဘူးချစ်ကိုတွေ့ရစဉ်။(AP)

ဆန္ဒခံယူပွဲကို ယေဘုယျအားဖြင့် ဒီမိုကရေစီ နည်းလမ်းမကျသော အငွေ့အသက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊  လာမည့် ဧပြီလဆန်း ရွေးကောက်ပွဲမတိုင်မီ ဆန္ဒခံယူပွဲ ကျင်းပခြင်းသည် မြန်ဆန်လွန်းနေပြီး အချိန်မတန်သေးကြောင်း အတိုက်အခံ ပါတီများနှင့် အမှီအခိုကင်းသော နိုင်ငံရေးကျွမ်းကျင်သူအချို့ကလည်း စောဒကတက်ခဲ့ကြသည်။

သမ္မတ အလက်ဇန္ဒားဘူးချစ် (Aleksandar Vucic)၏ အစိုးရသည် ဒီမိုကရေစီ လွတ်လပ်ခွင့်များကို ကန့်သတ် ချုပ်ချယ်ထား သည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသော်လည်း အစိုးရက ထိုစွပ်စွဲချက်များကို ငြင်းပယ်ထားသည်။

ယခု ပြုပြင်ပြောင်းလဲရေးကို ထောက်ခံကြရန်နှင့် တိုင်းပြည် ရှေ့ဆက်သွားနိုင်ရန် မဲဆန္ဒရှင်များကို သမ္မတဘူးချစ်နှင့် အခြား တာဝန် ရှိသူများက တိုက်တွန်းခဲ့ကြသည်။

ဆားဘီးယားနိုင်ငံသား ၆ ဒသမ ၅ သန်းခန့် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိကြပြီး အများစုရလဒ်အပေါ် မူတည်၍ အဆုံးအဖြတ်က ရိုးရှင်းထွက်ပေါ်လာမည်ဖြစ်သည်။ ဇန်နဝါရီ ၁၇ ရက် (ယနေ့)တွင် တရားဝင်ရလဒ်များ သိနိုင်မည်ဟု မျှော်လင့်ထားသည်။

ဆားဘီးယားပြည်သူများ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးနေစဉ်။(AP)

၂၀၀၈ ခုနှစ်တွင် သီးသန့် လွတ်လပ်ရေး ကြေညာခဲ့သော ယခင်ဆားဘီးယားပြည်နယ် အစိတ်အပိုင်းဖြစ်ခဲ့သည့် ကိုဆိုဗိုဒေသ တွင်တော့ ၎င်းဒေသအာဏာပိုင်များက မဲရုံဖွင့်ခွင့် မပေးဘဲ မဲပေးရန် ငြင်းဆန်ခဲ့ကြသဖြင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူနည်းစုအနေဖြင့် အနီးအနားရှိ မြို့များသို့ သွားရောက်မဲပေးကြဖို့ ဆားဘီးယားအစိုးရက တိုက်တွန်းထားခဲ့သည်။

ဆာ့ဘ်တို့ကြီးစိုးသည့် ကိုဆိုဗိုမြောက်ပိုင်းတွင် ဇန်နဝါရီ ၁၆ ရက်က လူပေါင်း ဆယ်ဂဏန်းမျှ ကန့်ကွက် ဆန္ဒပြခဲ့ကြသော် လည်း ယခင်ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံအများစု ကျောထောက် နောက် ခံ ပြုထားသည့် ကိုဆိုဗိုလွတ်လပ်ရေးကို ဆားဘီးယားက ယနေ့တိုင် အသိအမှတ် မပြုသေးပေ။

ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးခြေလှမ်း ရှေ့တိုးနိုင်ရန်အတွက် ဆားဘီးယားနှင့် ကိုဆိုဗိုတို့ ဆက်ဆံ ရေး ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း အေပီသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

 

Source: AP