၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇
၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ပြည်သူလူထု လက်ခံမှုမရှိပါက ရွေးကောက်ပွဲအောင်မြင်နိုင်ဖွယ် မရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာန သို့ ပြောသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
စိုင်းလိတ်က “နိုင်ငံရေးတည်ငြိမ်မှုမရှိဘူး။ လူထုလက်မခံဘူး ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲက ဘယ်တော့ပဲလုပ်လုပ် အောင် မြင်နိုင်စရာမရှိဘူး။ နောက် အရေးကြီးဆုံးအချက်က စစ်တပ်အနေနဲ့ နိုင်ငံရေးထဲကနေ မထွက်ခွာပဲနဲ့တော့ လူထုဆန္ဒနဲ့ ဘယ် လိုမှ အပ်စပ်နိုင်မှာ မဟုတ်ဘူး၊ လူထုနဲ့ သဟဇာတဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတာဘဲ အချုပ်ပြောချင်ပါတယ်” ဟု CNI သို့ ပြော သည်။
နစက-က ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီ ၅၀ ကျော်တို့သည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရသူ အကုန်ယူသည့်စနစ်(FPTP)အစား အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပနိုင်ရေး ဆွေးနွေး လျက်ရှိသည်။
အဆိုပါ PR စနစ်မှာ တပ်မတော်အနေဖြင့် နိုင်ငံရေးမှ မထွက်ခွာရန်နှင့် ၎င်းတို့၏ အကျိုးစီးပွားကို ဆက်လက်ဆုပ်ကိုင်နိုင်ရန် ကြိုးပမ်းသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း SNLD ပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ စိုင်းလိတ်က ထောက်ပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရက်ကျော်လွန်ကာ ရွေးကောက်ပွဲကျင်းပ၍ မရကြောင်းနှင့် EAO များအနေဖြင့် ၂၀၀၈ အရ လွှတ် တော် မရှိသည့်အတွက် NCA နည်းလမ်းဖြင့် ဆွေးနွေးစရာမရှိကြောင်း စသဖြင့် ပြောနေခြင်းက နစကကို တွန်းအားဖြစ်စေ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။
PR စနစ်အပေါ် နိုင်ငံရေးပါတီများနဲ့ UEC ဆွေးနွေးနေစဉ်။
၎င်းက “၂၀၀၈ အတိုင်းသွားနေရင်တော့ ဘာမှဆွေးနွေးစရာ အကြောင်းမရှိဘူး၊ ဘာညာဖိအားပေးလာရင် သူ့အတွက် တွန်း အား ဖြစ်တာပေါ့။ အာဏာကို သိမ်းလိုက်ဖို့ တွန်းအားဖြစ်တာပေါ့။ အာဏာသိမ်းလိုက်တာဆိုတာ အခြေခံဥပဒေကြီး ဖျက် လိုက်တာပေါ့။ ဖျက်လိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်က သူတို့အတွက် ဆိုလို့ရှိရင်တော့ အကန့်အသတ်မရှိ အာဏာကို ကိုင်ထား လိုက် နိုင်တာပေါ့။ အဲတော့ ခင်ဗျားပြောတဲ့ NCA လမ်းကြောင်းအတိုင်းမသွားပဲ တခြားလမ်းကြောင်း ဖြစ်နိုင်သလားဆိုတာ သူတို့က အဲလိုတွန်းအားပေးနေရင်တော့ နစကအတွက်က ဖိုးကျိုင်းတုတ်ပေါ့ဗျာ။ ဖိုးကျိုင်းတုတ်ပေါ့။ ရွေးကောက်ပွဲကလည်း မလုပ်ပေးနိုင်ဘူးဆိုရင် ၂၀၀၈ ကို ဖျက်လိုက်မယ်။ ကျုပ်တို့ ဒီကြားထဲမှာ အခြေခံဥပဒေအသစ် ပေါ်လာဖို့အတွက် EAO တွေနဲ့ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးလည်းရ အခြေခံဥပဒေအသစ်လည်းပြဌာန်း အဲလိုဖြစ်ဖို့အတွက် နောက်ထပ် (၁၀) နှစ်စောင့် ကြပါ၊ (၅) နှစ်စောင့်ကြပါ ဆိုတာမျိုး ဖြစ်လာနိုင်တာပေါ့”ဟု CNI သို့ ပြောသည်။
နစက အနေဖြင့် ၂၀၂၃ တွင် ရွေးကောက်ပွဲကို မဖြစ်မနေ ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု တွက်ဆမိကြောင်း SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ စိုင်းလိတ်က ပြောသည်။
၎င်းက “ရွေးကောက်ပွဲကတော့ ကံသေကံမ ပြောလို့မရဘူး။ ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ ဥပမာ သူတို့ရဲ့ ပြောရေးဆိုခွင့် ပြောသွားတဲ့အတိုင်း ဆိုလို့ရှိရင် စစ်ကိုင်းလိုဟာမျိုး၊ မကွေးတိုင်းလိုဟာမျိုး၊ တည်ငြိမ်မှုမရှိဘူး။ နောက် ကရင်နီပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တည်ငြိမ်မှုမရှိဘူးဆိုပြီး ကွက်ပြီးပြောသွားတာရှိတယ်။ အဲတော့ နိုင်ငံရေး တည်ငြိမ်မှု မရှိဘူး။ ဒေသတည်ငြိမ်မှု မရှိဘူးဆိုတဲ့ တိုင်းနဲ့ ပြည်နယ် ချန်လပ်ပြီးတော့ ရွေးကောက်ပွဲလုပ်သွားမယ်ဆိုပြီးတော့ အဲလိုလုပ်မယ်ဆိုရင်လည်း လုပ်နိုင်တာပဲလေ။ သဘောတစ်ခုကတော့ သူက ဥပဒေအရ အာဏာသိမ်းပိုင်ခွင့်က ၂ နှစ်ကျော် သွားရင် သူက တခြားနည်းတစ်ခု ပြောင်းရလိမ့်မယ်။ သူ့မှာ အဲလိုမျိုး ပြောင်းနိုင်ဖို့ ဆိုလို့ရှိရင် ရွေးကောက်ပွဲကို မဖြစ်မနေ ကြိုးပမ်းရလိမ့်မယ်။ ကွက်ပြီးပဲ လုပ်လုပ်ပေါ့နော်။ လုပ်နိုင်သလောက် လုပ်ပြီးတော့ တရားဝင်မှုရအောင် သူဆက်ပြီး ကြိုးပမ်း သွားမှာပဲ”ဟု CNI သို့ ပြောသည်။
လာမည့် ရွေးကောက်ပွဲများတွင် PR စနစ် ကျင့်သုံးမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေကို ဆန့်ကျင်နေကြောင်း စိုင်းလိတ်က ပြောသည်။