၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)များကို တပ်မတော်နှင့် ပူးပေါင်းမှု မပြုလုပ်ရန် သတိပေးထားပြီးဖြစ်၍ တိုက်ပွဲများ ရှောင်လွှဲမရသည့် အခြေအနေဖြစ်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က CNI သတင်းဌာနသို့ ပြောသည်။
KNU ၏ စစ်ရေးလက်အောက်ခံ တပ်မဟာ(၅)က BGF တပ်ဖွဲ့များ တပ်မတော်နှင့် ပူးပေါင်း၍ စစ်ရေးမလှုပ်ရှားရန် အပြင် သီးခြားနေထိုင်ရန် ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန် သတိပေးထားခဲ့သည်။
ပဒိုစောတောနီးက “ကိုယ့်အချင်းချင်းကြားထဲမှာ မဖြစ်အောင်တော့ ကြိုးစားနေတဲ့ဟာတော့ရှိတယ်၊ အထူးသဖြင့် အပစ် အခတ်ရပ်စဲပြီးတဲ့ နောက်မှာပေါ့။ ကျနော်တို့ ပေါင်းစည်းရေးကော်မတီမှာ ဆွေးနွေးတာရှိတယ်။ သို့သော်ငြားလည်း အခြေ အနေက သိတဲ့အတိုင်းပေါ့လေ။ BGF ရဲ့ အနေအထားက တခြားအဖွဲ့တွေထက် ထူးခြားတာတော့ရှိတယ်။ ဘာဖြစ်လို့လဲဆို တော့ စစ်တပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေတဲ့အခါကျတော့ အဲဒီအပိုင်းမှာ အထူးသဖြင့် ပြဿနာတက်တာကတော့ ဒီဟာမျိုးတွေကျတော့ ကြည့်ရတာ လုပ်ရကိုင်ရတာ ခက်နေတဲ့ အနေအထားမှာ ရှိနေတဲ့အခါကျတော့ ရှောင်လွှဲလို့ မရနိုင်တဲ့ ဟာတွေ ဖြစ်နေတာပေါ့”ဟု CNI သို့ ပြောသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က KNLA မှ BGF ၏ မဲပလိစခန်းကိုတိုက်ခိုက်ခဲ့စဉ်။
BGF သည် တပ်မတော်နှင့် ရှင်းရှင်းလင်းလင်း နေမည်ဆိုပါက မည်သည့်ပြဿနာမှ ရှိမှာမဟုတ်ကြောင်း၊ ထိုသို့မဟုတ်ပါက မြေပြင် တိုက်ပွဲများ၌ ရှောင်လွှဲ၍ မရတော့ကြောင်း ၎င်းက ဆိုသည်။
ပဒိုစောတောနီးက “အထူးသဖြင့် စစ်တပ်နဲ့ BGF ရှင်းရှင်းလင်းလင်းနေမယ်ဆိုရင် ဘာပြဿနာမှ မရှိဘူးပေါ့။ သို့သော် ကျနော်တို့ အနေအထားအရ အခုက နောက်ဆုံးအခြေအနေက ကျနော်တို့လည်း ပြောပါတယ်။ နောက်ဆုံး ဖြစ်နေတဲ့ ကျနော် တို့ အခြေအနေက အပစ်အခတ်ရပ်စဲနေတဲ့ အချိန်အတွင်းနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အချိန်အတွင်းနဲ့ လုံးဝ ကွာခြား သွားပြီဆိုတာ ကျနော်တို့ နားလည်ရမယ်။ ကျနော်တို့ခေါင်းပေါ်ကို လက်နက်ကြီးတွေ လေယာဉ်ပျံတွေက ပစ်ချလိုက်တဲ့ဟာ တွေက နေ့စဉ်လိုလိုဖြစ်နေတဲ့ ကိစ္စကိုတော့ ဒီအပိုင်းမှာတော့ ကျနော်တို့လည်း ပြောရခက်နေပါပြီ။ စစ်မြေပြင်မှာ ဖြစ်နေတဲ့ ကိစ္စရပ်ကိုတော့ ဆရာတို့လည်း နားလည်မှာပါ။ အဲဒါကတော့ ဒီထက် ပြောဖို့မကောင်းတော့ပါဘူး”ဟု ပြောသည်။
ပဒိုစောတောနီးကိုတွေ့ရစဉ်။
KNU တပ်မဟာ(၅)သည် ဇန်နဝါရီ ၁၅ ရက်က BGF သို့ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်တွင် ကရင် ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ မဲပလိ BGF စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်သတင်းဌာနများက ဖော်ပြ ထား သည်။
အဆိုပါ မဲပလိ စခန်း တိုက်ခိုက်ခံရမှုတွင် BGF တပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ကျန် BGF တပ်ဖွဲ့ဝင်များ ဆုတ်သွားကြောင်း၊ KNLA ဘက်မှ နှစ်ဦးအနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း၊ သိမ်းပိုက်ပြီးနောက် စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ကရင်သတင်း ဌာန(KIC)က ဖော်ပြထားသည်။
KNLA တပ်ဖွဲ့ကိုတွေ့ရစဉ်။
BGF မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က “ကျနော်လည်း မသိဘူးခင်ဗျာ။ ကျနော်လည်း နေမကောင်းလို့ ခွင့်ယူ ထားတာ”ဟု CNI သို့ ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် KNLA ကြား ကရင်ပြည်နယ်၊ ဖာပွန်၊ကော့ကရိတ်၊ မြဝတီ စသည့် မြို့နယ်များအတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - ကော့ကရိတ်ဘက်တွင် KNU နှင့်တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေ