၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် တပ်မတော်အကြား တိုက်ပွဲပြင်းထန်နေ ကြောင်း KNU ဗဟိုက ပြောသည်။

ကော့ကရိတ်မြို့၊  ကမိုင်ကုန်းရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများနှင့် လေယာဉ်ပျံသံ များ ကြားနေရကြောင်း၊ ထိုတိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာ ၅ ရွာခန့်မှ ဒေသခံ ၂၀၀၀ ကျော်သည် တိုက်ပွဲရှောင်နေကြရ ကြောင်း တိုက်ပွဲရှောင် ဒေသခံတစ်ဉီးက ပြောသည်။

၎င်းက “စစ်တပ်ဘက်ကရှိတဲ့ စစ်ကောင်စီကရှိတဲ့ နေရာတွေနဲ့ ဒီဘက်က ကျေးရွာတွေနဲ့ကြားမှာ အာရှလမ်းမကြီးခြားတယ်။ အာရှလမ်းမကြီးကို ကျော်ပြီးတော့ စစ်တပ်က သူ့ရဲ့ အမြှောက်ကုန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့။ ဒီမနက် ဆိုရင် ၆ နာရီခွဲ ၇ နာရီလောက်က စပစ်တာ နေ့လယ် ၁ နာရီလောက်မှ ရပ်သွားတယ်။ ဆက်တိုက်ပစ်တာပေါ့” ဟု CNI သို့ ပြောသည်။

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့အနီးမှာ KNU နှင့် တပ်မတော်အကြား ဒီဇင်ဘာ ၁၅ ရက်က စတင်၍ တိုက်ပွဲများ ဖြစ်ပွား လာခဲ့ရာ တခြားသော ဒေသများတွင်ပါ တိုက်ပွဲများ ယနေ့ထိတိုင် ဖြစ်ပွားနေကြောင်း KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

ပဒိုစောတောနီးက “ဒီဇင်ဘာလ ၁၅ ရက်နေ့က စဖြစ်လာတဲ့ တိုက်ပွဲတွေ အခုထိ မရပ်သေးဘူးဆိုတာ ပြနေတာပေါ့။ အခုက တစ်လတင်းတင်း ပြည့်သွားပြီ။ ဒါကြောင့်မို့ လေးကေ့ကော်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကနေ ဒေသတစ်ဝိုက်လုံး ပျံ့နှံ့သွားပြီး တော့ ကော့ကရိတ်မြို့ပေါ်အထိ လက်နက်ကြီးတွေဘာတွေ ကျတဲ့အထိ ရောက်လာတာပေါ့။ မနေ့က တိုက်ပွဲဖြစ်တာ အားလုံးလည်း သိပြီးသားပါ။ မီဒီယာတွေမှာလည်း ဖော်ပြထားပြီးသားပါ။ တိုက်ပွဲက ပြင်းထန်တဲ့ အနေအထားမှာရှိပါတယ်” ဟု ပြောသည်။

ပဒိုစောတောနီးကိုတွေ့ရစဉ်။(KNU)

တပ်မတော်သည် KNU နယ်မြေများကို မြေပြင်ထိုးစစ်၊ လေကြောင်းထိုးစစ်များ ပြုလုပ်နေပြီး စစ်ရေးအရ ထိန်းချုပ်နိုင်ရန် အထိ ရည်ရွယ်၍ ထိုးစစ်ဆင်နေကြောင်း ၎င်းက သုံးသပ်သည်။

ပဒိုစောတောနီးက “တချို့လူတွေကတော့ ခန့်မှန်းရင် ခန့်မှန်းကြမှာပေါ့၊ ဒီဟာကြီးက အဲဒီကိစ္စကြောင့် ခဏ တဖြုတ် လာပြီးတော့ တိုက်တာဖြစ်မယ်ပေါ့။ ဒီလက်ခံထားတဲ့သူတွေကို ဖမ်းတာတွေ ဘာတွေလုပ်ဖို့ပေါ့။ ဒါပေမယ့် သူ့ရဲ့ မူလ ရှိထားပြီးသား အကြံအစည်ကတော့ ရှင်းပါတယ်။ ကျနော်တို့ နယ်မြေကို လုံးဝထိန်းချုပ်နိုင်ရေးဆိုတာ အခုမှ မဟုတ်ဘူး တစ်လျှောက်လုံးပဲ သူတို့ စဉ်းစားတာ လုပ်တာ ဗျူဟာမြောက် လုပ်တဲ့ဟာတွေဖြစ်တယ်။  အဲဒါကြောင့်မို့လို့ ကျနော်တို့က တော့ တွက်ထားပြီးသားပါ၊ ဒါက အကုန်လုံး စိုးမိုးချင်လို့ဆိုတာ၊ တစ်ရက်ပြီးတစ်ရက် တစ်ရက်ပြီးတစ်ရက် လေကြောင်းထိုး စစ်ကနေပြီးတော့ မြေပြင်ထိုးစစ်တွေ လုပ်လာတဲ့အခါ တစ်လလည်းပြည့်ပြီ နေရာဒေသ အနှံ့အပြားမှာလည်း ဖြစ်နေပြီ လေးကေ့ကော် တစ်ဝိုက်မှာဆို ရွာပေါင်း ၁၀ ရွာလောက်ဖြစ်နေပြီ။ ဖလူးကြီး၊ ဖလူးလေးတို့မှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေ တယ်။ သိတဲ့အတိုင်းပေါ့ နောက်ဆုံးပြောချင်တာက ဒုက္ခသည်ပြဿနာက အကြီးအကျယ်ဖြစ်လာတယ်”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည်သူ ၅၀၀၀၀(ငါးသောင်း)ကျော်ထိ ရှိလာပြီဖြစ်ကြောင်း လည်း KNU က ထုတ်ပြန်ထားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် တစ်နှစ်အတွင်း KNU နှင့် တပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၃၀၀၀(သုံးထောင်)ကျော်ထိ ဖြစ်ပွားခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည့် စစ်ရေးအနှစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။