၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅

တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၀)ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် နစကမှ စာပို့ ကမ်းလှမ်းထားကြောင်း သိရသည်။

အလွတ်သဘော တွေ့ဆုံရန် ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲဖြင့် ပေးပို့လာကြောင်း၊ ယခုကဲ့သို့ အလွတ်သဘော တွေ့ဆုံရန် ဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “စာက ၆ ရက်နေ့ ရက်စွဲနဲ့ ပေးတာပဲ။ ကျနော်တို့ PPST အစည်းအဝေးလုပ်နေတဲ့ အချိန်မှာပဲ ပေးလာ တယ်။ဒါပေမယ့် ကျနော်တို့ ဦး‌ဆောင်မှု (၃) ဦးကော်မတီကို ပေးတာပေါ့။ပေးတော့ အစည်းအဝေးကလည်း (၃)ဦးကော်မတီ ကပဲ အခြေအနေကြည့်ပြီးတော့ ပြန်ပါဆိုပြီး တာဝန်ပေးတော့ ပြန်စာကို မူလမူကြမ်းကိုတော့ ကျနော်ရေးပြီးတော့ စိုင်းငင်း ကို ပေးတယ်။ ဗိုလ်မှူးကြီး စိုင်းငင်းကလည်း ပြင်ဆင်ပြီးတော့ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကို ပေးထားတယ်။ နိုင်အောင်မင်းက ခဏစောင့်ကြည့်ဦးမယ်ဆိုပြီး ကိုင်ထားတာပေါ့။ သူ့ထဲက ပြီးရင်တော့ ပို့ဖို့ပါပဲ။ ဒါပေမယ့် သူက ခဏ ကြည့်ဦးမယ်ဆိုပြီးတော့ ကိုင်ထားတော့ အဲဒီအခြေအနေ ရောက်နေတယ်။ ဘာမှတော့ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ စတင်တွေ့နိုင်ဖို့ ဖိတ်တာကို ကျနော်တို့လည်း အလွတ်သဘောက ကောင်းတယ်။ ကျ‌နော်တို့လည်း စီစဉ်မယ်။ ဒီလိုဖိတ်တဲ့ အတွက် ကျေးဇူးတင်တယ်။ ဒီလောက်ပြန်လိုက်ရင် ရနေပြီပဲ”ဟု ပြောသည်။

လက်ရှိတွင် စာတစ်စောင်ဖြင့် တွေ့ဆုံဆွေးနွေးရန် မရှိသေးကြောင်း၊ အစပျိုးသည့် အနေဖြင့် အလွတ်သဘော တွေ့ဆုံရန် အခြေအနေများ ဖန်တီးရန် လိုအပ်သေးကြောင်း ၎င်းက ပြောသည်။

ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် သက်ဆိုင်ရာ အဖွဲ့ အစည်း အားလုံးကို ဖိတ်ခေါ်ကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

နစက ၏ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကိုတွေ့ရစဉ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်း (၅) ချက်ရဲ့ စတုတ္ထအချက်မှာ ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်‌ရေးအတွက် ဆွေးနွေးဖို့ ဖိတ် ခေါ်ပါတယ်။ ထပ်ပြီးပြောရမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါ တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ဖြစ်နိုင်သမျှ လမ်းကြောင်းမှန် များကို လမ်းဖွင့်ထားလျက်ရှိကြောင်း ပြောလိုပါတယ်” ဟု ပြောသည်။

နစကမှ အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုသည် ကောင်းမွန်သော်လည်း သေနတ်သံနှင့်ဗုံးသံများကြားမှာ တော့ အဆင်မပြေသေးကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

၎င်းက “ဆွေးနွေးမှ ရမယ်ဆိုတဲ့ မူကိုတော့ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာ ဆွေးနွေးမလဲဆိုတာတော့ ရှိတာပေါ့။ ဒီဗုံးသံ၊ သေနတ်သံ၊ သတ်ဖြတ်နေတဲ့ အသံတွေ ရက်စက်ကြမ်းကြုတ်မှုတွေကြားမှာတော့ ဖြစ်ပေါ်ဖို့တော့ မလွယ်သေး ဘူး။ ဒါကြောင့် ဒီဆွေးနွေးနိုင်မယ့် အခင်းအကျင်း ရေခံမြေခံကတော့ ပြောင်းလဲရမှာပေါ့ဗျာ။ တစ်စုံတစ်ရာ တော့ တည်ငြိမ်မှုလေးရှိမယ်၊ တစ်စုံတစ်ရာ သက်တောင့် သက်သာရှိမှ ဆွေးနွေးလို့ရတာကိုး။ အခုနိုင်ငံရေး အကျပ် အတည်း၊ လူမှုရေး အကျပ်အတည်း၊ အကျပ်အတည်း ပေါင်းစုံရှိနေတဲ့ အချိန်မှာတော့ မလွယ်သေးဘူးပေါ့။ ဒါပေမယ့် နည်းနာတော့ ရှာကြတာ ပေါ့။ အဲဒီသဘောတော့ ရှိပါတယ်။ ဒါကြောင့် နည်းနာရှာတဲ့ အချိန်လို့ ပြောလို့ရပါတယ်” ဟု ပြော သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အရပ်သားအစိုးရကိုဖြုတ်ချခဲ့ပြီးနောက် အပစ်ရပ်(၁၀)၏ PPST သည် နိုင်ငံရေးဆွေးနွေးမှုများကို (၁)နှစ် ယာယီရပ်ဆိုင်းကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ် သည်။