CNI International News

စတော့ဟုမ်း၊ ဇန်နဝါရီ ၁၅

ဘောလ်တစ်ပင်လယ်ဒေသတွင် ရုရှား၏လှုပ်ရှားမှု တိုးမြှင့်လာကြောင်း ဆွီဒင်နိုင်ငံမှ ထိပ်တန်းစစ်ဦးစီးချုပ်တစ်ဦးက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“ကျနော်တို့တပ်ဖွဲ့တွေကို နေရာချထားဖို့ ဆုံးဖြတ်ထားပါတယ်။ ခြိမ်းခြောက်မှု တိုးလာနေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့အမြဲတမ်း လိုအပ်ပါတယ်”ဟု ဆွီဒင်ဒုတိယဗိုလ်ချုပ်ကြီး လိဖ် မိုက်ကယ် ကလက်ဆန်က အေပီသို့ ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင် မဟုတ်သည့် ဆွီဒင်နိုင်ငံသည် ဘောလ်တစ်ပင်လယ်ထဲသို့ ရုရှားမြောက်ပိုင်းရေတပ်မှ ကမ်းတက်ရေယာဉ် အများအပြား ဝင်ရောက်လာကြောင်း သတိပြုမိခဲ့သည်။

ဆွီဒင်စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲသူ ကလက်ဆန်က မိမိတို့စစ်တပ်၏ အစီအမံအချို့ကို မြင်နိုင်သော်လည်း အချို့ကို မြင်ရလိမ့်မည်မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ရုရှားစစ်တပ်ကိုတွေ့ရစဉ်။(GETTY IMAGES)

“ကျနော်တို့ဆွီဒင်အနေနဲ့ မတူညီတဲ့နေရာတွေမှာ ကွဲပြားခြားနားတဲ့ အစီအမံတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ရုရှား ဘောလ်တစ်ပင်လယ်ရှိ ကလင်နင်ဂရက်ဒေသမှ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) ကျော်အကွာတွင် မဟာဗျူဟာအရ အရေးပါသော ဘော်လ်တစ်ပင်လယ်အတွင်း ကျွန်းတစ်ကျွန်းဖြစ်သော ဂေါ့လန်းတွင် ဆွီဒင်ကို ထင်သာမြင်သာ တွေ့ရမည် ဖြစ်သည်။

ဇန်နဝါရီ ၁၃ ရက်က အဆိုပါကျွန်း၏ အဓိကမြို့ဖြစ်သော ဗစ်ဘိုင်ရှိ ဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းများ၊ လေဆိပ်တို့တွင် အစောင့်တပ်ဖွဲ့များ ကင်းလှည့်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း အေပီက သတင်းမှ ဆက်လက်ဖော်ပြသည်။

“ကျနော်တို့ဟာ ပင်လယ်ထဲ  ရေမျက်နှာပြင်၊ ရေအောက်၊ ဝေဟင်နဲ့ မြေပြင်ပေါ်တွေမှာပါ မတူညီတဲ့ နည်းလမ်းတွေနဲ့ ပထဝီ ဝင်အရ တည်နေပုံတွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ကလက်ဆန်က ရှင်းပြခဲ့သည်။

ဆွီဒင်ဝန်ကြီးချုပ်ကိုတွေ့ရစဉ်။(Reuters)

ယခုသီတင်းပတ် အစောပိုင်းတွင် ဆွီဒင်စစ်ထောက်လှမ်းရေးအေဂျင်စီ (MUST) အကြီးအကဲ ဗိုလ်ချုပ်လီနာဟယ်လင်က “ကျနော်တို့ ဒီကနေ့လုံခြုံရေးဟာ ပုံမှန်အခြေအနေတွေနဲ့ ကွာဟနေပါတယ်” ဟု ပြောကြားခဲ့သည်။

“ဥရောပမှာ ပြင်းထန်တဲ့ လုံခြုံရေးမူဝါဒ အကျပ်အတည်းတစ်ခုရဲ့ ဦးတည်ရာက အချိန်တန်ကြာအောင် ရွေ့နေတာကနေ မကြာသေးခင် လတွေထဲမှာ အရှိန်မြင့်လာခဲ့ပါတယ်။ ဥရောပက တင်းမာမှုတွေဟာ ခဏတဖြုတ်ပါပဲလို့ ထင်ယောင်ထင်မှား ဖြစ်စေပါတယ်” ဟု လီနာဟယ်လင်က ဆက်လက် ပြောကြားခဲ့သည်။

“ရုရှားရဲ့အဓိက ရည်မှန်းချက်တွေက သူ့အစိုးရစနစ်တည်ငြိမ်ဖို့နဲ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံရဲ့ ရပ်တည်ချက် ခိုင်မာစေဖို့ပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနီးတဝိုက် နေတိုးအင်အားချဲ့ထွင်လာခြင်းကို ဟန့်တားရန်မှာ မော်စကို၏ ထိပ်တန်းဦးစားပေး အရေးကိစ္စဖြစ်ပြီး ရေရှည်အတွက်လည်း စောင့်ကြည့်လျက်ရှိသည်။

 

Source: AP