ဖနွမ်းပင်၊ ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းနှင့်ပတ်သက်၍ အာဆီယံသဘောတူညီချက် (၅)ချက် အကောင် အထည်ဖော်ရာ၌ ကမ္ဘောဒီးယား၏ ကြိုးပမ်းအားထုတ်မှုများကို စင်ကာပူထောက်ခံကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆိုခွန်က ပြောကြားခဲ့သည်ဟု ဖနွမ်းပင်ပို့စ် ဝက်ဘ်ဆိုက်တွင် ရေးသားထား သည်။

ဆိုခွန်သည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလက်ရစ်ရှနန်နှင့် ဇန်နဝါရီ ၁၃ ရက်၊ မွန်းလွဲပိုင်းက တယ်လီဖုန်း ခေါ်ဆိုခဲ့ ပြီး အဆိုပါကိစ္စရပ်ကို အပြုသဘောဆောင် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့သည်။

“ဆီယမ်ရိမှာ ကျင်းပမယ့် အစည်းအဝေး ရက်ရွှေ့လိုက်ရတဲ့အတွက် ကျနော်တို့နှစ်ယောက်စလုံး စိတ်မကောင်းဖြစ်ကြရ တယ်” ဟု ဆိုခွန်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။

ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိမြို့တွင် ကျင်းပရန် စီစဉ်ထားသော အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးကို ရည်ညွှန်းလျက် ၎င်းက ရေးသားလွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

“အချက် ၅ ချက်ကို အချိန်နဲ့တပြေးညီ အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ သက်ဆိုင်သူတွေ အားလုံးနဲ့ ထိတွေ့ ဆက်ဆံ ရာမှာ ကမ္ဘောဒီးယားရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ထောက်ခံမှုကို ကျေးဇူးတင်မိပါတယ်၊ မြန်မာနိုင်ငံ ပုံမှန်ပြန်လည် လည် ပတ်နိုင်ဖို့ တတ်နိုင်သမျှ ပံ့ပိုးကူညီမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ဆိုခွန်က ပြောသည်။  

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ရစဉ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ကောင်းမွန်သော အစပျိုးမှုဟု ယူဆကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ အပါအဝင် နိုင်ငံခြား သံတမန် များကို ပြောကြားခဲ့သည်။

သို့သော် ၎င်း၏ခရီးစဉ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာဖူဒင်အဗ္ဗဒူလာက ဝေဖန်ခဲ့ပြီး ဟွန်ဆန်အနေဖြင့် လက်ရှိ အာဏာပိုင်အစိုးရကို အသိအမှတ်ပြုသည့်လုပ်ရပ်ဟု ယူဆခြင်းမခံရအောင် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တိုင်ပင် သင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်သည် နစကကို အသိအမှတ်ပြုဖို့ ရည်ရွယ်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတွင် သံရုံးများဖွင့်ထားသည့် အခြား နိုင်ငံ ၄၀ ခန့် မြန်မာနှင့်သံတမန်ဆက်ဆံရေး ဆက်လက်လုပ်ဆောင်ဖို့ဖြစ်ကြောင်း အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခံထား ရသည့် ဟွန်ဆန်နှင့်ဆိုခွန် နှစ်ဦးစလုံးက ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ကမ္ဘောဒီးယား၏ သဘောထားကို ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဖနွမ်းပင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူ Koy Kuong က ဇန်နဝါရီ ၁၄ ရက်တွင် သတင်းထောက်များကို အတိုချုပ်ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ကွဲပြားတဲ့အမြင်တွေ ထုတ်ဖော်တာဟာ လူတစ်ဦးချင်းစီရဲ့အခွင့်အရေးပါပဲ” ဟု ၎င်းက ပြောကြားခဲ့ သည်။

 

Source: Phnompenh Post