ဂျနီဗာ၊ ဇန်နဝါရီ ၁၅

စစ်ပွဲနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူး ချုပ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ၎င်း၏ ဝေဖန်ထိုးနှက်မှုများသည် လက်မခံနိုင်စရာ အပြုအမူဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရက တုံ့ပြန်စွပ်စွဲလျက် WHO ထံသို့ ကန့်ကွက်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

WHO ၏ ညွှန်ကြားရေးမှူးချုပ် တတ်ရို့စ်အတ်ဟန်နွန် ဂေဘရယ်ရက်စုသည် မိမိတို့ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်လာ ကြောင်း၊ ၎င်းရုံးအတွက် လိုအပ်သော သိက္ခာသမာဓိနှင့် ကျွမ်းကျင်မှု မျှော်မှန်းချက်များအတိုင်း ရပ်တည်ခြင်းမရှိကြောင်း အီသီယိုးပီးယားအစိုးရက ဇန်နဝါရီ ၁၄ ရက်နှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

“သူ့ရဲလုပ်ရပ်တွေကနေ တတ်ရို့စ်ဟာ အန္တရာယ်ရှိတဲ့သတင်းအမှားတွေကို ဖြန့်ခဲ့ပြီး WHO ရဲ့ဂုဏ်သတင်း၊ လွတ်လပ်မှုနဲ့ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေပါတယ်” ဟု အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

WHO ကတော့ အဆိုပါစွပ်စွဲချက်များကို လတ်တလော တုံ့ပြန်ခြင်းမရှိသေးပေ။

အီသီယိုးပီးယား ကျန်းမာရေးစစ်ဆေးနေစဉ်။(GETTY IMAGES)

“တီဂရေးလို လောကငရဲကို ကျနော်တို့ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မမြင်ရပါဘူး”ဟု တက်ရို့စ်က ဇန်နဝါရီ ၁၂ ရက် သတင်း စာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အီသီယိုးပီးယား ကျန်းမာရေးအာဏာပိုင်များသည် ဇွန်လတွင် ဆီးချိုရောဂါဆေး အပါအဝင် အခြေခံဆေးဝါးများ ဇွန်လကပင် ပြတ်တောက်သွားခဲ့ပြီး ယခုအခါ သက်တမ်းကုန်နေသော ဆေးဝါးများနှင့် အကြောသွင်း ဆေးရည်များကို သုံးနေကြောင်း တီဂရေးဒေသရှိ သမားတော်တစ်ဦးထံမှ WHO ရရှိထားသော သတင်းအချက်အလက်ကို ကိုးကားလျက် တက်ရို့စ်က အထက် ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တီဂရေးဒေသ၏မြို့တော်ရှိ ကျန်းမာရေးအရာရှိများကလည်း အေပီသတင်းဌာနသို့ အလားတူ ပြောကြားခဲ့ကြသည်။

တီဂရေးဒေသသို့ နိုင်ငံတကာ ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းကို တက်ရို့စ်က ရှုတ်ချခဲ့ပြီး WHO အပေါ် ပြီးခဲ့သည့် ဇူလိုင်လ ကတည်းက အဆိုပါဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခွင့် မပြုခဲ့ကြောင်း၊ ကုလသမဂ္ဂအေဂျင်စီ တစ်ခုအနေဖြင့် WHO အဆိုးရွားဆုံး ပဋိပက္ခများရှိနေသည့် ဆီးရီးယားနှင့်ယီမင်တို့ကိုပင် ဝင်ရောက်ခွင့်ရှိနေသည်ကို မိမိ သတိပြုမိခဲ့ကြောင်း ထောက်ပြခဲ့သည်။

Source: AP