CNI International News

အဒစ်အဘာဘာ၊ မတ်လ ၂၅

အီသီယိုးပီးယားနိုင်ငံ၏မြောက်ပိုင်း တီဂရေးဒေသတွင် ၁၆ လကြာ ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကို လူသားချင်း စာနာထောက်ထားမှုအရ အစိုးရက အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်ဟု မတ်လ ၂၅ ရက်၊ နံနက်ပိုင်းက ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အီသီယိုးပီးယား ပြည်တွင်းစစ်ကြောင့် လူ ၅ သန်းကျော် စားနပ်ရိက္ခာ လိုအပ်ခဲ့သော်လည်း ယမန်နှစ် ဒီဇင်ဘာလ လယ်ကတည်းက တီဂရေးဒေသသို့ ပို့ဆောင်ရေးလမ်းကြောင်းများကို အစိုးရဘက်မှ ဖြတ်တောက်ဟန့်တားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံသို့ ယခုတလော အမေရိကန်ထံမှ အထူးသံတမန် ဒေးဗစ်ဆက်တာဖီးလ် ရောက်ရှိလာပြီးနောက် အစိုးရ၏ အပစ်အခတ်ရပ်စဲကြောင်း အထက်ပါကြေညာချက် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ကြေညာချက်အပေါ် တီဂရေးဒေသမှ လက်နက်ကိုင်တပ်ဖွဲ့များက တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

တီဂရေးဒေသသို့ စားနပ်ရိက္ခာ အကူအညီများ မရောက်ရှိအောင် အစိုးရအနေဖြင့် တားဆီးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တီးဒရော့အက်ဟနွန်ဂျီဘရီယီးဆက်က စွပ်စွဲ၍ ကပ်ဆိုးတစ်ခုဟု ပြောကြားခဲ့သည်။

တီဂရေးဒေသမှ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) သည် ထောက်ပံ့ကူညီရေး ရိက္ခာများကို အမှန်တကယ်လိုအပ်နေသူများ လက်လှမ်းမမီအောင် တားဆီးနေသည်ဟု အီသီယိုးပီးယားအစိုးရက စွပ်စွဲထားသည်။

ငတ်မွတ်ခေါင်းပါးခြင်း (သို့မဟုတ်) ကျန်းမာရေးအထောက်အပံ့များ ချို့တဲ့ခြင်းတို့ကြောင့် အဆိုပါဒေသမှ လူအများ သေဆုံးနေရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဇန်နဝါရီလထုတ်ပြန်ချက်တွင် တီဂရေးဒေသခံစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းနီးပါး အစာရေစာ ငတ်မွတ်ခြင်းခံစားနေရကြောင်း၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်အားလုံး၏ ထက်ဝက်မှာ အာဟာရချို့တဲ့ နေကြကြောင်း ဖော်ပြထားသည်။

မတ်လ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အစိုးရ၏ကြေညာချက်ထဲတွင် “ယခုအပစ်အခတ်ရပ်စဲမှုသည် အကန့် အသတ်မရှိကြောင်းနှင့် ချက်ချင်းအသက်ဝင်ကြောင်း ပြောကြားခဲ့သော်လည်း အစိုးရနှင့်လက်နက်ကိုင်တို့အကြား အပြန်အလှန်လုပ်ဆောင်မှုရှိပါက နိုင်ငံမြောက်ပိုင်းရှိ ပြည်သူများ၏ဘဝ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။

Source: BBC