CNI International News

မော်စကို၊ မတ်လ ၂၅

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂုနှင့်ပတ်သက်၍ သဘောထား မှတ်ချက်ပေးရန် မီဒီယာများက ကရင်မလင်ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာ ငြင်းဆန်ခဲ့ခြင်းကြောင့် ဆာဂျေရွှိုင်ဂု၏ ရာထူးတာဝန်အပေါ် ထင်ကြေးများ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်ဟု စီအင်န်အင်န်က ရေးသားဖော်ပြသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂုသည် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရသဖြင့် ၎င်းနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက မတ်လ ၂၄ ရက်တွင် မီဒီယာများကို ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ် လူယုံဖြစ်သူ ရွှိုင်ဂုသည် ယူကရိန်းကို ရုရှားကျူးကျော်မှု၌ ဦးဆောင် သည့်အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း မကြာသေးမီက ၎င်း၏အကြောင်း တိမ်မြှုပ်ပျောက်ကွယ်နေခဲ့သည်။

ရွှိုင်ဂုသည် ကျန်းမာရေးမကောင်းဘဲ ဖြစ်နေကြောင်း လွတ်လပ်စွာ ရေးသားဖော်ထုတ်လေ့ရှိသည့် ရုရှား မီဒီယာတစ်ခုဖြစ်သော အေးဂျင့်စတိုဗို (Agentstvo) က ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များကို ကိုးကားလျက် မတ်လ ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထို့နောက် မတ်လ ၂၄ ရက်တွင် ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂု၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ မီဒီယာ များ၏ မေးမြန်းချက်များကို ကရင်မလင် သမ္မတနန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ပက်စကော့ဗ်က ရှောင်ရှား တုံ့ပြန်သွားခဲ့သည်။

“လောလောဆယ်မှာ ကာကွယ်ရေးဝန်ကြီးဟာ သူ့ထမ်းဆောင်နေရတဲ့တာဝန်တွေ အများကြီး စုပုံနေပါတယ်။ အထူးစစ်ဆင်ရေးတွေ လုပ်နေတယ်။ ပုံမှန်အားဖြင့်ဆိုရင် အခုအချိန်မှာ မီဒီယာတွေကို အတိအကျချပြလို့ မရသေးဘူး။ ဒါကို နားလည်နိုင်လောက်တယ်ထင်ပါတယ်” ဟု ရွှိုင်ဂုနှင့်ပတ်သက်၍ သတင်းအသံတိတ်နေခြင်း အား စီအင်န်အင်န်က မေးမြန်းရာ ပက်စကော့ဗ်က ဖြေကြားခဲ့သည်။

သို့သော် အေးဂျင့်စတိုဗိုမီဒီယာ၏သတင်းဖော်ပြချက်ကို စီအင်န်အင်န်က ဆက်လက်မေးမြန်းခဲ့ရာ ၎င်းက ငြင်းဆန်ခဲ့သည်။

“ခင်ဗျားတို့ အေးဂျင့်စတိုဗို မီဒီယာရဲ့သတင်းကို နားမထောင်သင့်ဘူး။ ကျေးဇူးပြုပြီးတော့ ဒီမေးခွန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနကိုပဲ မေးပါဗျ” ဟု ၎င်းက ပြောကြားခဲ့သည်။

ရွှိုင်ဂု၏ရုပ်ပုံလွှာသည် မတ်လ ၁၈ ရက်က Channel One ထုတ်လွှင့်ချက်တွင် ပါဝင်ဖော်ပြခံခဲ့ရသော်လည်း ရုရှား သတင်းထောက်များကတော့ အဆိုပါထုတ်လွှင့်သည့်သတင်း၌ ၎င်းတက်ရောက်ခဲ့သည့်ပွဲမှာ မတ်လ ၁၁ ရက် ကတည်းက ဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြသည်။

အစိုးရပိုင် ရုပ်သံချန်နယ်ဖြစ်သည့် Russia 24 ၌ ရွှိုင်ဂုတက်ရောက်ခဲ့သော အွန်လိုင်းအစည်အဝေးပွဲကို မတ်လ ၂၄ ရက်၌ ထုတ်လွှင့်ပြသခဲ့သော်လည်း အစည်းအဝေးကျင်းပခဲ့သည့်အချိန်ကိုမူ အတိအကျ မဖော်ပြခဲ့ပေ။

ရွှိုင်ဂုသည် ယူကရိန်းစစ်ဆင်ရေးအတွက် အဝေးမှနေ၍ ရုရှားအစိုးရ၏ အမျိုးသားလုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြရကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တိုက်ရိုက်အင်တာဗျူးတစ်ခုကို ပြတ်တောင်း … ပြတ်တောင်းပြသခဲ့သည့် သတင်းတင်ဆက်မှု၌ ရွှိုင်ဂု စကား ပြောဆိုနေခြင်းကို မပြသခဲ့သော်လည်း ပူတင်ထံသို့ အစီရင်ခံနေရသော အခြားဗီဒီယိုခေါ်ဆိုမှု၌ ပါဝင် တက် ရောက်သူများအကြား ရွှိုင်ဂု၏ရုပ်ပုံလွှာကို တွေ့မြင်ခဲ့ရကြောင်း စီအင်န်အင်န်သတင်းအရ သိရသည်။

Source: CNN