CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

အီသီယိုးပီးယားနိုင်ငံရှိ တီဂရေးဒေသမှ သူပုန်များသည် အာဖရိကသမဂ္ဂ (AU) ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

နှစ်နှစ်ကြာ တိုက်ပွဲများ အဆုံးသတ်ဖို့ အစိုးရနှင့်စေ့စပ် ညှိနှိုင်းရေး အလားအလာအတွက် အတားအဆီးတစ်ခုကို ၎င်းတို့က ဖယ်ရှားလိုက်ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားထားသည်။

နိုင်ငံမြောက်ပိုင်းရှိ တီဂရေးဒေသကို ထိန်းချုပ်ထားသော TPLF လက်နက်ကိုင်အဖွဲ့က AU ၏ ပံ့ပိုးကူညီမှုအောက် တွင် ခိုင်မာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ပြင်ဆင်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ထို့ပြင် မိမိတို့အနေဖြင့် အပြုသဘောဆောင်သော အခင်းအကျင်း ဖန်တီးရန်အတွက် ရန်လိုမှုများ ချက်ချင်း ရပ်တန့်ပြီး နှစ်ဘက် သဘောတူညီချက် လိုက်နာသွားဖို့ အဆင်သင့်ရှိသည်” ဟု ၎င်းကြေညာချက်တွင် ဖော်ပြ ထားသည်။

TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ်နဲ့ အီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်ဘေး (GETTY IMAGES)

အဒစ်ဘာဘာမြို့တော်တွင် ရုံးချုပ်ထားရှိသော AU သည် မည်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုမဆို ကြားဝင် ဆောင်ရွက်ပေးပါမည်ဟု ကာလအတန်ကြာအောင် အခိုင်အမာ ပြောကြားနေခဲ့သော်လည်း အီသီယိုးပီးယား အစိုးရက သဘောထားမှတ်ချက် လတ်တလော တုံ့ပြန်ခြင်း မရှိသေးပေ။
သို့သော် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) သည် အာဖရိကသမဂ္ဂ (AU) ဆိုင်ရာ အီသီယိုးပီးယား အထူးသံတမန် အိုလူစီဂန်းအိုဘာဆန်ဂျို (Olusegun Obasanjo) ၏ အခန်းကဏ္ဍကို ယခုအချိန်အထိ ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေဆဲဖြစ်သည်။

အဆိုပါ သံတမန်အနေဖြင့် အီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်ဘေးနားတွင် ရှိနေခြင်းကို TPLF က မကျေမနပ်ဖြင့် ကန့်ကွက်နေခဲ့သည်။

အီသီယိုးပီးယား အထူးသံတမန် အိုလူစီဂန်းအိုဘာဆန်ဂျို (GETTY IMAGES)

ယခုလ အစောပိုင်း TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ် (Debretsion Gebremichael) သည် ၎င်းတို့ ထိန်းချုပ်နယ်မြေသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အတားအဆီးမဲ့စွာ ဝင်ရောက်ခွင့်၊ စစ်ဘေး သင့် တီဂရေးဒေသအတွက် မရှိမဖြစ်ဝန်ဆောင်မှု ပြန်လည်ထူထောင်ရေး အပါအဝင် အခြေအနေ ၄ ရပ်ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုကမ်းလှမ်းခဲ့သည်။ 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ TPLF ပေးပို့သော စာတစ်စောင်တွင် “အီသီယိုးပီးယား နိုင်ငံ တဝန်း အီရစ်စ်ထရီးယန်း (Eritrean) တပ်ဖွဲ့များ ဆုတ်ခွာပေးရန်နှင့် အငြင်းပွားနယ်မြေ အစိတ်အပိုင်းများ ဖြစ်သည့် တီဂရာယန်နှင့် အမ်ဟာရက်တို့မှ အနောက်တီဂရေးတပ်ဖွဲ့များ ဆုတ်ခွာပေးရန်” တို့ တောင်းဆိုထားခဲ့ သည်။

အမ်ဟာရက်သည် နိုင်ငံ၏ဒုတိယအကြီးဆုံး လူမျိုးစုများ နေထိုင်ရာ ဒေသဖြစ်သည်။

Source: Aljazeera