မော်စကို၊ ဇန်နဝါရီ ၁၅

ယူကရိန်းနိုင်ငံအနီး ရုရှားတပ်များ တိုးချဲ့ဖြန့်ကြက်လာခြင်းအပေါ် စစ်ရေးမဟာမိတ်များ ကန့်ကွက်ထားသည့် နည်းတူ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး)အနေဖြင့်လည်း အရှေ့ဘက်သို့ ချဲ့ထွင်မပြုရန် ရုရှား၏ အကြိမ်ကြိမ်တောင်းဆိုနေမှုကိုပင် ဇန်နဝါရီ ၁၄ ရက်တွင် အလားတူ ထပ်မံတောင်းဆိုခဲ့ကြောင်း အေပီသတင်း ဌာနက ရေးသားဖော်ပြသည်။

အနောက်အုပ်စု၏တုံ့ပြန်မှုကို အကန့်အသတ်မရှိ စောင့်ဆိုင်းနေမည်မဟုတ်ကြောင်းလည်း ရုရှားက ဖြည့်စွက် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအပေါ် သံတမန်ရေးအရ ကြိုးပမ်းမှုတိုးတက်လာမှုမှာ မရှိမဖြစ်လိုအပ်သဖြင့် ယူကရိန်းနှင့် အခြား ဆိုဗီယက်အုပ်စုဝင်ဟောင်းနိုင်ငံများထံ စစ်ရေးမတိုးချဲ့ရန် မော်စကို၏တောင်းဆိုချက်များကို ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေလက်ရော့ဗ်က ဇန်နဝါရီလ ၁၄ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။  

ယူကရိန်း-ရုရှားနယ်စပ်အနီး နေတိုးတပ်ဖွဲ့နှင့်လက်နက်အပြိုင်အဆိုင်ဖြန့်ကြက်လာခြင်းသည် လုံခြုံရေး စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး ချက်ချင်းကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ဆာဂျေလက်ရော့ဗ်က စောဒက တက်ခဲ့သည်။

“ကျနော်တို့ သည်းမခံနိုင်တော့လို့ပါ။ အကျပ်အတည်းတွေက အနောက်အုပ်စုကို တွန်းအားပေးနေပြီး သူတို့ လိုက်နာရမယ့် ဝတ္တရားနဲ့ အသိတရား လက်ကိုင်မထားတဲ့အတွက် အခုတင်းမာမှုက ပိုဆိုးလာတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မိမိတို့တောင်းဆိုချက်များကို ဝါရှင်တန်နှင့်နေတိုးတို့က လာမည့်သီတင်းပတ်တွင် စာဖြင့် တုံ့ပြန်ရန် ရုရှားက မျှော်လင့်ထားကြောင်း ဆာဂျေလက်ရော့ဗ်က ဆက်လက်ပြောကြားခဲ့သည်။

တင်းမာမှုများရှိနေစဉ်အတွင်း ယူကရိန်းနိုင်ငံတွင် အစိုးရဌာနများ၏ဝက်ဘ်ဆိုက်များကို ဦးတည်နှောင့်ယှက် လာသည့် အကြီးစားဆိုက်ဘာတိုက်ခိုက်မှုလည်း ဇန်နဝါရီ ၁၄ ရက် က ဖြစ်ပွားခဲ့သည်။

ကျူးကျော်လာမည်ကို အနောက်အုပ်စု စိုးရိမ်နေသည့်ကြားမှ ရုရှားတပ်များ ယူကရိန်းနယ်စပ်တဝိုက် သိသာစွာ တိုးချဲ့လာနေသော်လည်း ယခုသီတင်းပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ စေ့စပ်ညှိနှိုင်းမှုနှင့် နယ်သာလန် နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ နေတိုး-ရုရှားဆက်စပ်အစည်းအဝေးများ ကျင်းပနိုင်ခဲ့သည်။

ယူကရိန်းနှင့်တဆက်တည်း တည်ရှိနေသည့် ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော ရုရှားက ယခုအခါတွင်လည်း ၎င်း၏အိမ်နီးချင်း ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ရန် အစီအစဉ်မရှိဟု ငြင်းဆို ထားပေမယ့် ယူကရိန်းနှင့်အခြားဆိုဗီယက်အုပ်စုဝင်ဟောင်းများထံသို့ နေတိုး၏စစ်ရေးတိုးချဲ့မှုအနေဖြင့် ဖြတ်ကျော်ရမည့်မျဉ်းနီဖြစ်ကြောင်း အနောက်အုပ်စုနိုင်ငံများက အဆက်မပြတ်သတိပေးနေခဲ့သည်။

 

Source: AP