ပစ်ခံရသည့်ကားသည် လေယာဉ်ဆီသယ်လာခြင်းမဟုတ်ဟု သြရကုမ္ပဏီထုတ်ပြန်

CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် ဆီဘောက်စာကားများ အမည်မသိ လက်နက်ကိုင်အဖွဲ့များက လေယာဉ်ဆီသယ်ဆောင်လာသည်ဟုဆိုကာ ပစ်ခတ် မီးရှို့ခံခဲ့သော်လည်း ထိုဆီဘောက်စာ ကားများမှာ လေယာဉ်ဆီ သယ်လာခြင်းမဟုတ်ဘဲ ရေနံဓာတ်ငွေ့ရည်(LPGas)များသယ်လာသည့် ဆီဘောက်စာကားများသာဖြစ်ကြောင်း သြရ ကုမ္ပဏီက ယနေ့ (ဇန်နဝါရီ ၁၆ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့ လေယာဉ်ဆီများ သယ်ဆောင်လာသည်ဟုဆိုကာ ပစ်ခတ် မီးရှို့ခံခဲ့ရသော ဆီဘောက်စာကားများသည် AwRa Trading Co.,Ltd မှ ရေနံဓာတ်ငွေ့ရည်(LPGas)များ တင်ဆောင်လာသည့် ကားများဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် လေယာဉ်ဆီသည်လာသည်ဟုဆိုကာ  မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် ကားမောင်းသမား ပစ်သတ်ခံရ

သြရကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် “ပြောပြစရာစကားလည်းမရှိတော့ပါ။ သတင်းမှန် မထုတ်ပြန်ရင်လည်း အများပြည်သူ အသိလွဲမှာမို့ ထုတ်ပြန်ရခြင်းပါ။ ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ် မြဝတီတောင်ပေါ်လမ်း(ကွမ်သီးခြံအတက်) ပစ်ခတ်ခံခဲ့ ရသည့် ဖြစ်စဉ်တွင် ရေနံဓာတ်ငွေ့ရည်(LPGas)အများပြည်သူတွေ ထမင်းချက်တဲ့ဂက်(Gas) ဘယ်သူတွေသုံးဖို့လည်း အတန် တန်ရှင်း ပြထားရက်နဲ့ မီးလောင်သွားသည့်ကား(ယာဉ်မောင်းသေဆုံး)သည် AwRa(ThaiGas)၏ ကားဖြစ်ပြီး၊ မီးမလောင် (ယာဉ်မောင်း အနီးကပ်ပစ်သတ်ခံရ) မော်လမြိုင် အကယ်ဒမီဂက်စ်မှ ကားဖြစ်ပါတယ်။ ယာဉ် ၂ စီးလုံးဟာ ရေနံဓာတ်ငွေ့ ရည်(LPGas)တင်ဆောင်လာတာသာဖြစ်ပြီး မည်သည့် လေယာဉ်ဆီ/စက်သုံးဆီမှ တင်ဆောင်လာခြင်း မရှိပါ။ ယာဉ်မောင်း တွေကလည်း သူတို့မိသားစုရဲ့အိမ်ထောင်ဦးစီးတွေပါ လူသားအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုက ပြောပြစရာ စကားလုံး မရှိတော့ပါ”ဟု ရေးသား ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်တွင် လေယာဉ်ဆီသည်လာသည်ဟုဆိုကာ  မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင်  ပစ်ခတ်မီးရှို့ခံခဲ့ရသည့် ဆီဘောက်စာကား

လက်ရှိတွင် ကရင်ပြည်နယ်၌ တပ်မတော်နှင့် KNLA- PDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးတွင်လည်း အမည်မသိ သေနတ်သမားများက ဆီဘောက်စာ ကားများကို ပစ်ခတ် မီးရှို့မှု များလည်း ဖြစ်ပွားလျက်ရှိနေသည်။