ကီယက်၊ ဇန်နဝါရီ ၁၇
မိမိတို့ အစိုးရဝက်ဘ်ဆိုက်များကို ဆန့်ကျင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်၌ ရုရှားရှိနေကြောင်း ယူကရိန်းနိုင်ငံ က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းက ဖော်ပြခဲ့သည်။
ထို့နောက် ရုရှားသည် အိမ်နီးချင်းဖြစ်သည့် မိမိတို့အပေါ် နည်းပညာပေါင်းစပ် ထိုးနှက်သည့်စစ်ပွဲ ဆင်နွှဲလာကြောင်း ယူကရိန်းဘက်က စွပ်စွဲခဲ့သည်ဟု ဆက်လက်၍ အေပီသတင်းက ဖော်ပြထားသည်။
ယူကရိန်းအစိုးရဌာနများရှိ ကွန်ပျူတာစနစ်ထဲတွင် ဆယ်ဂဏန်းမျှရှိသော ransomware အသွင်ယူထားသည့် အဖျက် အမှောင့် malware များ ကူးစက်ခံနေရကြောင်း နည်းပညာကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ်က ပြောကြားလိုက်ပြီးနောက် တစ်ရက်အကြာ ယူကရိန်းဒစ်ဂျစ်တယ် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ယူကရိန်းတရားဝင် ဝက်ဘ်ဆိုက်များကို ပစ်မှတ်ထားပြီး အာရုံစူးစိုက်မှုကို ဖမ်းဆုပ်နိုင်သော ရုပ်ပြောင်းရုပ်လွှဲပြုလုပ်၍ အသွင်ယူတိုက်ခိုက်မှုများရှိခဲ့ကြောင်း မိုက်ခရိုဆော့၏ ဖော်ထုတ်တွေ့ရှိချက်က အကြံပြုခဲ့သည်။
“အခု ဆိုက်ဘာ တိုက်ခိုက်ခံရမှုရဲ့ နောက်ကွယ်မှာ ရုရှားရှိနေတယ်ဆိုတာ အထောက်အထားအားလုံးက ပြသနေပါတယ်။ မော်စကိုဟာ ခေတ်ရှေ့ပြေး စစ်ပွဲတစ်ပွဲကို ဆက်လက် ဆင်နွှဲနေပြီး သတင်းအချက်အလက်နဲ့ ဆိုင်ဘာနေရာများမှာ တက်ကြွ စွာ တိုက်ခိုက်နေပါတယ်”ဟု အဆိုပါဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ယူကရိန်းကို ရုရှားကျူးကျော်မည့် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာပြီးနောက် တင်းမာမှုများ ဖြေရှင်းဖို့ သံတမန်ရေးရာ ဆွေးနွေးပွဲများ ရပ်တန့်သွားချိန်တွင် ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားလာခဲ့သည်။
ယူကရိန်းဒစ်ဂျစ်တယ် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးကိုတွေ့ရစဉ်။(AP)
ယင်းသို့ တိုက်ခိုက်နေသည့် malware ကို ဇန်နဝါရီ ၁၃ ရက်၌ တွေ့ရှိခဲ့ရကြောင်း မိုက်ခရိုဆော့ဖ်က ၎င်း၏အနှစ်ချုပ် ဘလော့ ပို့စ် တစ်ခုတွင် ဇန်နဝါရီ ၁၅ ရက် ရက်စွဲဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုအရ ယူကရိန်းအစိုးရ ဝက်ဘ်ဆိုက်ပေါင်း ၇၀ ခန့်ကို ယာယီအားဖြင့် offline အဖြစ်သို့ တပြိုင်နက် ရောက်ရှိ သွားခဲ့စေသည်။
ထိခိုက်ခဲ့ရသော ကွန်ပျူတာစနစ်များထဲတွင် အစိုးရဌာနများ၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် သတင်းအချက် အလက် နည်းပညာဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်ခဲ့ကြောင်း မိုက်ခရိုဆော့ဖ်က သီးခြားနည်းပညာရေးရာပို့စ် တစ်ခုတွင် ထောက်ပြပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းပြည်တွင်း (သို့မဟုတ်) အခြားနေရာများမှ အဖွဲ့အစည်းများ ထိခိုက်မှု မည်မျှရှိနေကြောင်း လတ်တလော မသိရသေးသော်လည်း malware ကူးစက်မှု ပိုမိုများပြားလာနိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်နှင့် ပုဂ္ဂလိက်ကုမ္ပဏီများသည် ယခုဆိုက်ဘာတိုက်ခိုက်ခံရမှုများ၏ အရင်းအမြစ်ကို သိရှိနိုင်ရန် ဆုံးဖြတ် လုပ်ဆောင်နေဆဲဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်က ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်ကို တွေ့ရစဉ်။(AFP)
ရုရှားထံမှ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်ခြေကို အမေရိကန်က လအတန်ကြာကပင် ကြိုတင်သတိပေးခဲ့ပြီး ယူကရိန်း ၏ ကာကွယ်ရေးကို မြှင့်တင်ရန် ၎င်းအစိုးရနှင့် လက်တွဲလုပ်ဆောင်နေကြောင်း ဂျက်ဆူလီဗန်က ဆက်လက် ပြောကြား ခဲ့ သည်။
“ဒါဟာ ရုရှားရဲ့ကစားကွက်ရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်” ဟု CBS ရုပ်သံလိုင်း၏ Face the Nation အစီအစဉ်တွင် ၎င်းက မှတ်ချက်ချခဲ့သည်။
၂၀၁၇ ခုနှစ်ကလည်း ရုရှားသည် NotPetya ဗိုင်းရပ်စ်ဖြင့် ယူကရိန်းကို ပစ်မှတ်ထားပြီး ဆိုင်ဘာတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ တကမ္ဘာလုံး အတိုင်းအတာဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိခဲ့သည်။
ransomware အဖြစ် အသွင်ယူထားသော ထိုစဉ်က ဗိုင်းရပ်စ်သည် ဆက်သွယ်ရေး ကွန်ရက်တစ်ခုလုံးကို အဖျက်အမှောင့် ပြု နိုင်သော wiper ဟုခေါ်သည့် ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးဖြစ်ကြောင်း အေပီသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
Source: AP