ခါတွမ်း၊ ဇန်နဝါရီ ၁၇
အယ်လ်ဂျာဇီးယားမူဘာရှာ၏ ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင်ကို ဆူဒန်အာဏာပိုင်များ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ၎င်းရုပ်သံလိုင်းက ပြောကြားခဲ့သည်။
ဆူဒန်ပြည်တွင်းသတင်းထောက်နှစ်ဦးအပေါ် အသိအမှတ်ပြု လုပ်ကိုင်ခွင့်ကိုလည်း ဆူဒန်အာဏာပိုင်များက ရုပ်သိမ်းခဲ့ကြောင်း ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးယားမီဒီယာကွန်ရက်၏ ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့်ကြေညာချက်ထဲ၌ ဖော်ပြထားသည်။
ဆူဒန်အရေးကိစ္စနှင့်ပတ်သက်၍ သတင်းသမား မပီသသည့် သတင်းတင်ဆက်ဖော်ပြမှုအခြေခံအရ အယ်လ်ဂျာ ဇီးယားမူဘာရှာ၏သတင်းထောက် မိုဟာမက်အိုမာနှင့် ဓါတ်ပုံဆရာ ဘာဒါဝီဘာရှားတို့အပေါ် ဆူဒန်ယဉ်ကျေးမှု နှင့် ပြန်ကြားရေးဝန်ကြီးဌာနက အသိအမှတ်ပြုခြင်း ရုပ်သိမ်းလိုက်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် တိုင်းပြည်၏ အကျိုးစီးပွားနှင့်လူမှုရေးဆိုင်ရာအချက်အလက်များကို ထိခိုက်စေသည့် မမှန်ကန်သော အချက်အလက်များကို သတင်းအဖြစ်ဖော်ပြခဲ့ကြောင်း ဆူဒန်အာဏာပိုင်များက ပြောသည်။
ဆူဒန်နိုင်ငံအတွင်း အဖြစ်အပျက်များကို တရားမျှတပြီး ရည်ရွယ်ချက်ရှိရှိဖြင့် လွှမ်းခြုံဖော်ပြနေသည့် မိမိတို့ တာဝန်ကို ဝင်ရောက်စွက်ဖက်ခြင်းအား အယ်လ်ဂျာဇီးယားက ရှုတ်ချလိုက်ပြီး မိမိတို့သတင်းထောက်များအပေါ် အတားအဆီးကင်းမဲ့စွာနှင့် ၎င်းတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ဆောင်ခွင့်ပေးရန် တုံ့ပြန်ကြေညာခဲ့သည်။
“သတင်းလွတ်လပ်ခွင့်တစ်ခုလုံးကို တိုက်ခိုက်မှုတစ်ခုလို့ ကျနော်တို့မီဒီယာက ရှုမြင်ပါတယ်။ သတင်းထောက် တွေရဲ့လုံခြုံရေးကို ချိုးဖောက်တဲ့အတွက် ရှုတ်ချဖို့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ မီဒီယာအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်” ဟု အယ်လ်ဂျာဇီးယားက ပြောသည်။
အယ်ဂျာဇီးယားရုပ်သံချန်နယ်၏ သတင်းသမားမပီသသော အပြုအမူကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ လိုင်စင် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆူဒန်ယဉ်ကျေးမှုနှင့်ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်တွင် ကြေညာခဲ့သည်။
ဒါ့အပြင် ချန်နယ်၏လွှမ်းခြုံထုတ်လွှင့်မှုများသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာကျင့်ဝတ်များနှင့် မကိုက်ညီ ကြောင်း၊ တိုင်းပြည်၏လူမှုရေးအခင်းအကျင်းများကို ရည်ရွယ်လျက် ဆူဒန်လူမျိုးတို့၏ဓလေ့ထုံးစံများကို ဆန့်ကျင် သောအကြောင်းအရာများ ထည့်သွင်းထုတ်လွှင့်ခဲ့ကြောင်း ဆူဒန်အစိုးရက ပြောသည်။
ဆူဒန်နိုင်ငံတွင် ယမန်နှစ် အောက်တိုဘာလ၌ ဝန်ကြီးချုပ်အဗ္ဗဒူလာဟမ်းဒေါ့ဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးကတည်းက မတည်မငြိမ်ဖြစ်နေခဲ့သည်။ ၂၀၁၉ ခုနှစ် လူထုအုံကြွမှုအပြီး နိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သူ အိုမာအယ်လ်ဘာရှားကို ဖယ်ရှားပြီးနောက် ဒီမိုကရေစီအသွင် ကူးပြောင်း ရေး လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်ခဲ့မှုများကို စစ်တပ်အာဏာသိမ်းမှုက ရပ်တန့်သွားစေခဲ့သည်။
သို့သော် စစ်အာဏာသိမ်းမှုအပေါ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက ဆက်လက်ဆန္ဒပြခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့သဖြင့် ယခုအချိန်အထိ အနည်းဆုံး လူ ၆၀ သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ ခဲ့ကြောင်း လွတ်လပ်သောကျန်းမာရေးဝန်ထမ်းများအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဆူဒန်ဆရာဝန်များ ဗဟိုကော်မတီ၏ အဆိုအရ သိရသည်။
Source: Aljazeera