ဒါကာ၊ ဇန်နဝါရီ ၁၇

ဘင်္ဂါလီ (မူရင်း-ရိုဟင်ဂျာ) ဒုက္ခသည်စခန်းများတွင် လူသတ်မှုနှင့် မူးယစ်ဆေးရောင်းဝယ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ARSA လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်၏ အစ်ကိုတော်စပ်သူကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

မိုဟာမက်ရှားအလီ (Mohammad Shah Ali) ကို ဘင်္ဂလားဒေ့ရှ် ထိပ်တန်းရဲတပ်ရင်းက ဇန်နဝါရီ ၁၅ ရက်နှောင်းပိုင်း ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ARSA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အဗ္ဗဒူလာအဘူအမ်မာ (Ataullah Abu Ammar) ၏ ဖအေတူ မအေကွဲ အစ်ကိုတော်စပ်သည်။

ရှားအလီသည် ARSA နှင့် ဆက်နွှယ်နေကြောင်း၊ ညီဖြစ်သူ အဗ္ဗဒူလာနှင့် ပုံမှန် အဆက်အသွယ် ပြုလုပ်နေကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ နိုင်မယ်ဟက်ကွာက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်း(မိုဟာမက်ရှားအလီ)ပြန်ပေးဆွဲခဲ့သူ တစ်ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်ရဲများက ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်မယ်ဟက်ကွာ က ဆက်လက် ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာခဲ့ပြီးနောက် နိုင်ငံမဲ့သူ အများစုဖြစ်သော  မွတ်ဆလင် ၈၅၀,၀၀၀ တို့သည် ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေသိပ်သည်းစွာဖြင့် အခြေချနေထိုင်လျက်ရှိနေကြသည်။

မိုဟာမက်ရှားအလီကိုတွေ့ရစဉ်။( AFP)

ယခင်က ဟာရာကာတယ်ယာကင်း (Harakutul Yakeen) ဟု လူသိများသော ARSA အဖွဲ့သည် နိုင်ငံသားဖြစ်ခွင့် အပါအဝင် အခြေခံရပိုင်ခွင့်များ ငြင်းပယ်ခံထားရသည့် ဘင်္ဂါလီ(မူရင်း-ရို)တို့ ကိုယ်စား တိုက်ပွဲဝင်နေသည်ဟု ပြောကြားထားသည်။

၎င်းတို့ကို မြန်မာအာဏာပိုင်များကတော့ မွတ်ဆလင်အကြမ်းဖက်သမားများဟု စွပ်စွဲထားသည်။

မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ရဲကင်းစခန်း ၃ ခုကို ARSA လက်နက်ကိုင်အဖွဲ့က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ တွင် စတင်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့သည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ဘင်္ဂါလီ ၈ သိန်းကျော် နေထိုင်သည့် ပြည်နယ်တစ်ခု ဖြစ်သည်။

ရှားအလီ ဖမ်းဆီးခံရသည့် သတင်းကို နော်ရကာမတ် (Nouakar Mat) စခန်းတွင် နေထိုင်သည့် ဘင်္ဂါလီဒုက္ခသည် တစ်ဦးဖြစ် သူ မိုဟာမက်စလင်က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ARSA ခေါင်းဆောင် အဗ္ဗဒူလာအဘူအမ်မာကိုတွေ့ရစဉ်။(ARSA-fb)

“ဒီမှာရှိတဲ့လူတိုင်းက သူ့ကို ကြောက်နေရတယ်။ သူက ကျနော်တို့ကို ညှင်းဆဲခဲ့တယ်လေ” ဟု ၎င်းက အေအက်ဖ်ပီ သတင်းဌာနသို့ ရှင်းပြခဲ့သည်။

ယခုကဲ့သို့ ရှားအလီကို ဖမ်းဆီးနိုင်မှုသည် ယမန်နှစ် စက်တင်ဘာလ၌ ဩဇာကြီးမားသော ဘင်္ဂါလီ အသိုင်းအဝိုင်း ခေါင်းဆောင် မိုဟီဘူလာ သတ်ဖြတ်ခံရမှုနှင့် အစ္စလာမ့် စာသင်ကျောင်းမှ အခြားသူ ၇ ဦး သတ်ဖြတ်ခံမှုတို့ကို ၎င်းအဖွဲ့က ကျူးလွန်သည်ဟု စွပ်စွဲချက် ထွက်ပေါ်ခဲ့ပြီးနောက် ARSA အဖွဲ့ဝင်တစ်ဦးကို အထင်ရှားဆုံး ဖမ်းဆီးထိန်းသိမ်းနိုင်မှု ဖြစ်သည်။

ယမန်နှစ် လူသတ်မှုများအပြီးတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဒုက္ခသည်စခန်းများအတွင်း ပိုက်စိပ်တိုက် ရှင်းလင်းခဲ့ပြီး ရာနှင့်ချီသော ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) သည် ပြီးခဲ့သည့်လက အဆိုပါ စခန်း များသို့ သွားရောက်ခဲ့ပြီး ထိုနေရာများ၌ ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများစွာအတွက် ARSA ကို အပြစ်တင်ခဲ့သည်။ ဇန်နဝါရီ ၁၅ ရက်၌ ရှားအလီ ဖမ်းဆီးခံရမှုကိုတော့ ARSA အဖွဲ့မှ လတ်တလော သဘောထားမှတ်ချက်ပေးခြင်း မရှိသေးပေ။

Source: Aljazeera