CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈
 
ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားမြို့နယ် အတွင်းရှိ ပြည်သူများကို တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ဇူလိုင် ၇ ရက်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်ကတ်)များ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
 
ဇူလိုင် ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ လူဦးရေ ၉၀၀ ကို မှတ်ပုံတင် လုပ်ပေးခဲ့ကြောင်း NDAA နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ် ပေးအပ်ခြင်းကို အခမ်းအနားနှင့် လုပ်ခဲ့ကြောင်း တွေ့ရသည်။
 
 
မိုင်းလားဒေသသည် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်(NDAA) ထိန်းချုပ်ထားသော ဒေသဖြစ်သည်။ NDAA သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ တပ်မတော်နှင့်ငြိမ်းချမ်းရေး ရယူခဲ့သည်။
 
 
ထို့နောက် NDAA ကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသကို အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့သည်။  လက်ရှိတွင်လည်း တပ်မတော်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ကိစ္စများကို ဆွေးနွေး ဖော်ဆောင်လျက်ရှိသည်။