CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁
နစက (မူရင်း-စစ်ကောင်စီ)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs)များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PD F)များကို ဘယ်လိုမှ မယှဉ်နိုင်သည့်အတွက် နောက်ဆုံးနည်းလမ်းများ သုံးပြီး ပြည်သူကို ဒုက္ခပေးနေသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ်ဖြစ်သူ မန်းဝင်းခိုင်သန်းက ပြောသည်။
NUG ၏ အမှတ်(၂/၂၀၂၂) အစည်းအဝေးကို ယနေ့ (ဇန်နဝါရီ ၁၁ ရက်) နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ အထက်ပါ အတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “စစ်ကောင်စီဟာ ကျနော်တို့ ပြည်သူတွေရဲ့ စုစည်းတွန်းလှန်နေတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်အင်အားတွေကို မယှဉ်နိုင်တာမို့ သူနိုင်မယ်ထင်တဲ့ နည်းလးမ်ဖြစ်တဲ့ လေကြောင်းနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာကိုတွေ့ရကြောင်း၊ မဟာမိတ် EAOs တွေ၊ PDF တွေကို ဘယ်လိုမှ မယှဉ်နိုင်တာမို့ နောက်ဆုံးနည်းလမ်း တွေသုံးပြီး ပြည်သူကို ဒုက္ခပေးနေတာဖြစ်ကြောင်း။ ဒါကို ကျနော်တို့ ဘက်ပေါင်းစုံကနေ အတူတကွ ရင်ဆိုင်တွန်းလှန်ကြ မှာ ဖြစ်တယ်”ဟု ပြောသည်။
NUG အနေဖြင့်လည်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီနှင့်တွေ့ဆုံခဲ့ပြီး စစ်ရေးဆိုင်ရာ အခြေအနေများ၊ တိုက်ပွဲရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့ပေးရမည့် ကိစ္စများ ဆွေးနွေး၍ ချိတ်ဆက်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ပုံ- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က NUG အစည်းအဝေး ကျင်းပနေစဉ်။
ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောင်မြင်အောင် ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်ပြီး NUG အဖွဲ့ဝင် ဝန်ကြီးများအားလုံးကလည်း အလုပ်နှင့်သာ ပြည်သူကို သက်သေပြနိုင်ရန် ကြိုးစားပေးကြပါရန် တိုက်တွန်းကြောင်း NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
NUG သည် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် PDF များကို စုဖွဲ့လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ KNLA တပ်မဟာတချို့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ စစ်ရေးလက်အောက်ခံ KA အပါအဝင် EAOs ၈ ဖွဲ့နှင့် မဟာမိတ် စုဖွဲ့ထား ကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်အတွင်းမှာ NUG ၏ မဟာမိတ်များဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပူးပေါင်းအဖွဲ့နှင့် တပ်မတော်ကြား ဇန်နဝါရီ ၇ ရက်မှ စတင်ကာ တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိပြီး ဒေသခံ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အလားတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲရှောင်နေကြရ သူများ ရှိနေကြသည်။