အတ္တလန္တာ၊ ဇန်နဝါရီ ၁၁

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင် သမ္မတဂျိုးဘိုင်ဒန် မိန့်ခွန်းပြောမည့် အစီအစဉ်ကို သပိတ်မှောက် ကြရန် တက်ကြွလှုပ်ရှားသူများ အဖွဲ့ ၄ ဖွဲ့က ကတိကဝတ်ဖြင့် သဘောတူခဲ့ကြသည်ဟု RT.com က ရေးသားဖော်ပြသည်။

ထို့နောက် ပြုပြင်ပြောင်းလဲရေးအတွက် ရွေးကောက်ပွဲကတိအတိုင်း မလုပ်ပေးမချင်း အမေရိကန်သမ္မတတစ်ဦး၏ လုပ်ငန်းဆောင်တာများ ရပ်တန့်စေရန် ဒီမိုကရက်တစ်ပါတီဝင်များကိုလည်း ၎င်းတို့က တိုက်တွန်းခဲ့ကြကြောင်း RT.com က ဆက် လက် ရေးသားဖော်ပြသည်။

ယင်းကဲ့သို့ သပိတ်မှောက်မည့် ကိစ္စကို Black Voters Matter Fund ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ အသိပေးခဲ့ခြင်းဖြစ်သည်။ မဲဆွယ်စည်းရုံးရေးကာလ၌ ရွေးကောက်ပွဲဆိုင်ရာ ကတိပြုခဲ့ သော အပြောင်းအလဲ ကိစ္စရပ်များ တိုးတက်မှုမရှိ၍ ဘိုင်ဒန်၏မိန့်ခွန်းကို မိမိတို့ တက်ရောက် နားထောင်ခြင်း မပြုနိုင် ကြောင်း၊ ဂျော်ဂျီယာပြည်နယ်အနေဖြင့် အခြားသူများ၏ နိုင်ငံရေးထိတွေ့ ဆက်ဆံရာ၌ စစ်တုရင်အပိုင်းအစ တစ်ခုအဖြစ် အသုံးချခံနေမည်မဟုတ်ကြောင်း အဆိုပါအဖွဲ့ ၄ ဖွဲ့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“လွှတ်တော်နှစ်ရပ်စလုံးကို ဖြတ်သန်းပြီး အပြီးသတ် မဲပေးခွင့်အစီအစဉ် ကြေညာတာမျိုး မရှိဘဲနဲ့၊ ဥပဒေတစ်ရပ် မပြဋ္ဌာန်း ဖြစ်အောင် အချိန်ဆွဲတာမျိုး မရပ်တန့်ဘဲနဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဂျော်ဂျီယာခရီးစဉ်ကို အရပ်ဘက် လူ့အခွင့်အရေး ခေါင်း ဆောင်တွေ၊ ထောက်ခံသူတွေအနေနဲ့ ကန့်ကွက်ပါတယ်။ ဥပဒေအဖြစ် လက်မှတ်ထိုးပြီးသားတွေ ရှိပေမယ့်လည်း လုံလောက် မှု မရှိတဲ့အတွက် ကျနော်တို့ လက်မခံပါဘူး” ဟု ၎င်းတို့က ပြောကြားခဲ့သည်။

ပုံ-သမ္မတဂျိုးဘိုင်ဒန်ကို သပိတ်မှောက်ကြမည့် Black Voters Matter Fund အဖွဲ့ကိုတွေ့ရစဉ်။(CNN)

“လက်တွေ့ထင်သာမြင်သာရှိတဲ့ အလုပ်သဘောတွေနဲ့ တိကျတဲ့ လုပ်ဆောင်ချက်တွေမပါဘဲနဲ့ ဗလာနတ္ထိအပြုအမူမျိုးကို လက်ခံနိုင်စရာ မရှိပါဘူး” ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ Black Voters Matter Fund ကို အာရှ-အမေရိကန်ရှေ့နေအဖွဲ့၊ ဂျော်ဂျီယာစီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့၊ လက်တင်အမေရိက တက်ကြွလှုပ်ရှားသူများ၏ GALEO အဖွဲ့၊ သက်ရောက်မှု အကောင်အထည် ဖော်ရေးအဖွဲ့နှင့် ဂျော်ဂျီယာ NAACP ၏ ဥက္ကဋ္ဌဟောင်း James Woodall တို့က ပူးပေါင်းစုစည်းထားခြင်းဖြစ်သည်။

အမေရိကန်ပြည်တွင်း၌ လက်ရှိအနေအထားတွင် ရွေးကောက်ပွဲပြုပြင်ပြောင်းရေး ဥပဒေကြမ်းနှစ်ခုဖြစ်သည့် လွတ်လပ်စွာမဲပေးခွင့် အက်ဥပဒေနှင့် ဂျွန်လူးဝစ် မဲပေးခွင့် အက်ဥပဒေတို့ကို ပိုမိုအရေးတကြီး ကိုင်တွယ်ရန် အရပ်ဘက် အသိုင်းအဝိုင်း များက အိမ်ဖြူတော်ကို ဖိအားပေးနေခဲ့သည်။

ထိုဥပဒေများ ပြဋ္ဌာန်းပေးခြင်းသည် မဲဆန္ဒရှင်များအတွက် အကာအကွယ် အားကောင်းစေပြီး တရားမျှတမှု မရှိသော (သို့မဟုတ်) ခွဲခြားဆက်ဆံခံရသော ရွေးကောက်ပွဲဆိုင်ရာ ကျင့်ထုံးများကို လျှော့ချရာရောက်စေမည်ဟု ၎င်းတို့က စောဒက တက်ထားသည်။

အိမ်ဖြူတော်သည် တိုးတက်ပြောင်းလဲစေရေးအတွက် ပြဿနာအများအပြားနှင့် ရင်ဆိုင်ရသည့်အနက် “မူဝါဒတိုးတက်မှု” မလုပ်ဆောင်နိုင်ခြင်းနှင့် ရွေးကောက်ပွဲကိစ္စ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ခြင်းတို့ကြောင့် အထက်ပါ သပိတ်မှောက်ကြမည့် အဖွဲ့တစ်ဖွဲ့စီတို့က ၂၀၂၀ ရွေးကောက်ပွဲအတွင်း ဘိုင်ဒန်အတွက် မဲဆွယ်စည်းရုံးပေးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ၎င်းတို့၏ ထောက်ခံမှုအင်အားမှာ လျော့ပါးလာပုံရသည်။

 

Source: rt.com