၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁

ရွေးကောက်ပွဲ ကျင်းပရေးစနစ် အချိုးကျကိုယ်စားပြုမှုစနစ်(PR)နှင့်ကိုက်ညီမည့် နည်းဥပဒေ၊ ဥပဒေများ၊ လုပ်ငန်း လမ်းညွှန် နှင့် လက်စွဲများ ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဠ ဦးသိန်းစိုးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ စွမ်း ရည်မြှင့် သင်တန်းဖွဲ့ပွဲတွင် ဦးသိန်းစိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရဖြုတ်ချခံရပြီးနောက် နစကဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ အသစ်ပြန်လည် ကျင်းပပေးမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကိုလည်း မဲများသူအနိုင်ရစနစ် (FPTP)အစား အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ပြောင်းလဲ ကျင်းပ မည်ဖြစ်ကြောင်း UEC က ပြောထားသည်။

ထို့နောက် UEC ဥက္ကဋ္ဌ ဉီးသိန်းစိုးက ရွေးကောက်ပွဲ ကော်မရှင် ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲဉပဒေနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဗဟုသုတများ၊ လုပ်ငန်းစဉ်များကို ကျွမ်းကျင်နေကြရန် လိုအပ်ကြောင်း ပြောသည်။

UEC က ကျင့်သုံးရန် ပြင်ဆင်နေသည့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို လေ့လာနေဆဲဖြစ်ပြီး PR စနစ်အပေါ် ရခိုင်ပြည်သူ များ နားလည်အောင် ရှင်းပြနိုင်ရန် လိုအပ်ကြောင်း  ရခိုင်အမျိုးသားပါတီ (ANP)၏ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သို့ ပြောသည်။

ပုံ- UEC နဲ့ နိုင်ငံရေးပါတီများ PR စနစ်အပေါ် တွေ့ဆုံဆွေးနွေးနေကြစဉ်။

၎င်းက “ဒီအချိုးကျကိုယ်စားပြုစနစ် (PR) စနစ်က ရှုပ်လည်း ရှုပ်ထွေးတယ်။ နိုင်ငံတော်တော် များများမှာလည်း တစ်ယောက် နဲ့တစ်ယောက် ထပ်တူကျတဲ့ စနစ်မျိုးမရှိဘူး။ အဲဒါကြောင့် ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်သူအကျိုးကို အခြေခံတဲ့ အမျိုးသားရေးပါတီဖြစ်တဲ့အတွက် ပြည်သူလူထုအကျိုးရှိအောင် မိမိတို့အပါအဝင် ပြည်သူတွေကို နားလည်အောင် ပြောပြဖို့ အတွက် အချိန်လိုတယ်။ ကျနော်တို့မှာ လေ့လာဆဲပဲ ရှိပါတယ်”ဟု ပြောသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနှင့် ကိုက်ညီမှုမရှိဟုဆိုကာ PR စနစ်ကို လွှတ်တော်က ပယ်ချထားကြောင်း၊ ထိုအချက်ကြောင့် PR စနစ် ကျင့်သုံးရေးမှာ အခက်အခဲဖြစ်နိုင်ကြောင်း ဉီးထွန်းအောင်ကျော်က သုံးသပ်သည်။

၎င်းက “အခြေခံဥပဒေနဲ့လည်း လိုက်လျောညီထွေ မရှိနိုင်တဲ့ အပိုင်းတွေကိုလည်း ကျနော်တို့အနေနဲ့ လေ့လာတွေ့ရှိရတဲ့ အတွက် UEC က ကြေညာထားတာကို ကျနော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ သတိပြု စောင့်ကြည့်နေတယ်။ တကယ်လို့ ရွေးကောက်ပွဲစနစ်တစ်ခုကို ကျင့်သုံးပြီး ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်းပဲ တည်ဆဲဥပဒေအရ ကျနော်တို့ ပါတီတွေက ရွေးကောက်ပွဲ မဝင်လို့မရဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲမဝင်တဲ့ ပါတီတွေက အဖျက်ခံရမှာဖြစ်တယ်။ အဲဒါကြောင့် ခြုံပြောရရင်တော့ သတိကြီးကြီးထားပြီး လေ့လာစောင့်ကြည့်နေတဲ့ အပိုင်းပဲရှိပါတယ်” ဟု ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်မှာ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ၌ PR စနစ်ကျင့်သုံးနိုင်ရေး UEC နှင့် နိုင်ငံရေး ပါတီ ၅၀ ကျော်တို့ တွေ့ဆုံ၍ ဆွေးနွေးလျက်ရှိနေသလို စာတမ်းများ တင်သွင်းကာ ဆောင်ရွက်လျက်ရှိနေကြသည်။

လက်ရှိတွင် PR စနစ်ကျင့်သုံးသည့် နိုင်ငံများမှာ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ အိုင်ယာလန်၊ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ထိုင်း၊ဆွစ်ဇာလန် စသည့် နိုင်ငံများ ဖြစ် ကြောင်း သိရသည်။