လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၁
လူသတ်မှုကျူးလွန်ခဲ့ဖူးသည့် သန်းကြွယ်သူဌေး ရောဘတ်ဒက်သည် အသက် ၇၈ နှစ်အရွယ်၌ အကျဉ်းထောင် ထဲတွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏ရှေ့နေက ပြောသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းက ဇန်နဝါရီ ၁၁ ရက်(ယနေ့) တွင် သတင်းဖော်ပြသည်။
ရောဘတ်ဒက်သည် ၎င်း၏မိတ်ဆွေဖြစ်သူ ဆူဇန်ဘားမန်းကို သတ်ဖြတ်ခဲ့မှုအတွက် ယမန်နှစ် စက်တင်ဘာလ တွင် အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အကျဉ်းကျခံနေရင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ရောဘတ်ဒက်၏ဇနီးဖြစ်သူ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ရဲများနှင့် ဆူဇန်ဘားမန်းတို့ ဆက်သွယ်ပြောဆိုနေခြင်း ကို ရပ်တန့်ဖို့ နှုတ်ပိတ်လိုခြင်းကြောင့် ရောဘတ်ဒက်က ဆူဇန်ကို သတ်ဖြတ်ခဲ့သည့်အပြင် အခြားသူနှစ်ဦးကို လည်း သတ်ဖြတ်ခဲ့သေးကြောင်း အမေရိကန်ရဲများက ယုံကြည်ထားကြသည်။
အိမ်ခြံမြေများစွာ ပိုင်ဆိုင်သည့် အမေရိကန်သန်းကြွယ်သူဌေး ရောဘတ်ဒက်သည် ၎င်း၏အကြောင်း HBO ရုပ်သံ လိုင်း၏ ရာဇဝတ်မှုမှတ်တမ်းထုတ်လွှင့်ချက်တွင် ၎င်းသည် လူသတ်မှုကျူးလွန်ခြင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း မရည်ရွယ်ဘဲနှင့် ဝန်ခံမိခဲ့သည်။
၎င်းကို ကယ်လီဖိုးနီးယားပြည်နယ်၊ စာရိတ္တပြုပြင်ရေးဌာန၌ ချုပ်နှောင်ထားခဲ့ပြီးနောက် ကျန်းမာရေးချို့ယွင်းလာ ၍ အဆိုပါပြည်နယ်အတွင်းရှိ ဆန်ဂျိုရာကွင်အထွေထွေရောဂါကုဆေးရုံ (San Joaquin General Hospital) သို့ တင်ပို့ထားရင်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရောဘတ်ဒက်၏ရှေ့နေ ချစ်ပ်လဲဝစ်က အတည်ပြုခဲ့သည်။
Photo - AP
သဘာဝအတိုင်းသေဆုံးခြင်းဖြစ်ပြီး ကျန်းမာဆိုင်ရာချို့ယွင်းမှုများစွာ ခံစားနေခဲ့ရကြောင်း ၎င်းရှေ့နေက ပြောကြားခဲ့သည်။
ရောဘတ်သည် သူ၏လူယုံနှင့်ပြောရေးဆိုခွင့်ရှိသူ ဆူဇန်ဘားမန်းကို ၂၀၀၀ ပြည့်နှစ်က သတ်ဖြတ်ခဲ့မှုအတွက် ယမန်နှစ်အောက်တိုဘာလတွင် ထောင်ဒဏ်တစ်သက် ချမှတ်ခြင်းခံခဲ့ရသည်။
Covid-19 ကာလဖြစ်သဖြင့် ၎င်း၏အမှုကို စစ်ဆေးခြင်းမှာ တစ်နှစ်ကျော် နှောင့်နှေးခဲ့ရသည်။ စီရင်ချက်ချပြီး နှစ်ရက်အကြာတွင် ၎င်းသည် ကိုဗစ်ကူးစက်လာ၍ ဆေးရုံတင်ခဲ့ရပြီး အသက်ရှူစက်ဖြင့် ထားရှိခဲ့ရကြောင်း ၎င်းရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (World Trade Center) တွင် ရင်းနှီးမြှုပ်နှံမှုအပါအဝင် နယူးယောက်မြို့တော်၌ မိုးမျှော်တိုက်များကိုပါ ပိုင်ဆိုင်ခဲ့သူ ရောဘတ်ဒက်သည် ၂၀၁၅ ခုနှစ်က HBO ရုပ်သံစီးရီးတစ်ခုဖြစ်သော The Jinx အစီအစဉ်တွင် ယခုအမှုကို ဝန်ခံထားသည့် မှတ်တမ်း ထွက်ပေါ်ခဲ့ပြီးနောက် သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးမှုကို ခံယူခဲ့ရသည်။
“အဲဒီတော့ ကျနော်က ဘာလုပ်လိုက်တယ်ထင်သလဲ။ သူတို့အားလုံးကို သတ်ပစ်လိုက်တာပေါ့” ဟု ရုပ်သံစီးရီး အတွက် စကားပြောရင်း မရည်ရွယ်ဘဲ လွှတ်ခနဲဖြင့် ၎င်း၏ပြစ်မှုကို ဝန်ခံမိခဲ့ခြင်းဖြစ်သည်။
Source: BBC