ပြုံယမ်း၊ ဇန်နဝါရီ ၁၁

မြောက်ကိုရီးယားသည် ၎င်းနိုင်ငံ၏အရှေ့ဘက်ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်းကို ဇန်နဝါရီ ၁၁ ရက် (ယနေ့) ပစ်လွှတ်ခဲ့သဖြင့် ရက်သတ္တတစ်ပတ်အတွင်း ဒုတိယအကြိမ် ပစ်လွှတ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနှင့်ဂျပန်စစ်ဘက်တို့က ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ဖော်ပြသည်။

ယခုလ ဒုံးကျည်ပစ်လွှတ်မှုများသည် ၂၀၂၁ ခုနှစ်က လက်နက်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် မြောက်ကိုရီးယားသည် ၎င်းနိုင်ငံအတွက် ကပ်ရောဂါအတားအဆီး၊ အမေရိကန်နှင့် ရပ်တန့်နေသော နျူကလီးယား အရေးဆွေးနွေးပွဲများအတွင်း ၎င်း၏စစ်ရေးစွမ်းရည်ဆက်လက်တိုးချဲ့နေပုံကို အလေးပေးပြသလိုခြင်းဖြစ်ကြောင်း အေပီကဆက်လက်ရေးသားထားသည်။

မြောက်ကိုရီးယားသည် ကုန်းတွင်းဧရိယာမှနေ၍ အရှေ့ဘက်ပင်လယ်ထဲသို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ဖွယ်ရာရှိကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြော သည်။

ယခုဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားနှင့်အမေရိကန်စစ်ဘက်များက ဆန်းစစ်နေကြဆဲဖြစ်သည်။ အဆိုပါ ဒုံးကျည်သည် အကွာအဝေးမည်မျှပျံသန်းခဲ့ကြောင်း လတ်တ လော အတိအကျ မပြောနိုင်သေးပေ။

ယင်းလက်နက်သည် ပဲ့ထိန်းဒုံးကျည်ဖြစ်နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်ရုံးနှင့်ကာကွယ်ရေးဝန်ကြီးဌာနတို့က ပြောကြားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ၎င်းတို့က ချက်ချင်းလက်ငင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ဂျပန်စစ်ဘက်မှ တာဝန်ရှိသူများက ဂျပန်နိုင်ငံတဝန်းသင်္ဘောနှင့်လေယာဉ်များ ဘေးကင်းစေရေးစစ်ဆေးနေကြောင်း ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါက ပြောကြားခဲ့သော်လည်း လေကြောင်းနှင့်ရေကြောင်း သွားလာရေးများပြတ်တောက်ခြင်း (သို့မဟုတ်) ယိုယွင်းခြင်းတို့ကို လတ်တလော သတင်းထုတ်မပြန်သေးပေ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏အစောပိုင်း ပစ်လွှတ်စမ်းသပ်မှုများအပေါ် တုံ့ပြန်ဆွေးနွေးခဲ့ပြီးနောက် မကြာမီမှာပင် ယခုကဲ့သို့ ဒုံးကျည်ဆက်လက်ပစ်လွှတ်နေခြင်းသည် အလွန်ဝမ်းနည်းစရာကောင်း ကြောင်း ကီရှီဒါက ဆက်လက်ပြောကြားခဲ့သည်။

ဂူအမ်ကျွန်းရှိ လုံခြုံရေးနှင့်အရပ်ဘက်ကာကွယ်ရေးရုံးများက မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်သည့် သတင်း များကို စောင့်ကြည့်နေသော်လည်း ပစိဖိတ်သမုဒ္ဒရာအတွင်း အမေရိကန်စစ်ဘက်၏အချက်အချာဖြစ်သည့် အဆိုပါကျွန်းအတွက် ခြိမ်းခြောက်မှုမရှိကြောင်း လက်ရှိအနေအထား၌ သုံးသပ်ထားသည်။

မြောက်ကိုရီးယားသည် ယမန်နှစ် စက်တင်ဘာလတွင် အသံထက်မြန်သည့်ဒုံးကျည်အမျိုးအစားကို ပထမဆုံး စမ်းသပ်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့ပြီးနောက် တာဝေးပစ်ဒုံးကျည်တစ်စင်းကိုလည်း ယခုလဆန်းပိုင်းက ပစ်လွှတ်ခဲ့သည်။ ယင်းနောက် ၆ ရက်အကြာ ယနေ့တွင် ပဲ့ထိန်းဒုံးကျည်တစ်စင်းဟု ယူဆရသော လက်နက်တစ်ခု ကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားပိုင်ဆိုင်မှုအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းများနှင့် ပြည်တွင်း၌ ကပ်ရောဂါကြောင့် စီးပွားရေးအခက်အခဲများရှိနေသည့်တိုင် ကင်မ်ဂျုံအန်း၏ ၂၀၂၁ နှစ်ကုန်ပိုင်းညီလာခံအပြီး ဇန်နဝါရီ ၅ ရက်တွင် လက်နက်စမ်းသပ်ပစ်လွှတ်မှုများ ပေါ်ထွက်လာခဲ့သည်။

Source: AP