၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲများ ရပ်စဲကာ တွေ့ဆုံဆွေး‌နွေးအဖြေရှာရန် အသင့်ရှိကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“ကျနော်တို့ လှုပ်ရှားနယ်မြေအတွင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပြီးမှ သူတို့ (RCSS) စခန်းတချို့ကို ကျနော်တို့ ရှင်းလင်း နိုင်ခဲ့တယ်။ ကျ‌နော်တို့ နယ်မြေထဲမှာ သူတို့မရှိတော့ဘူး။ ဆက်ပြီးမှ ဒီနေရာမှာ ထိုးစစ်ဆင်နေမယ်ဆိုရင် ပြည်သူလူထုတွေလည်း နာတယ်။ နှစ်ဖက်တပ်တွေ လည်း အကျအဆုံး ရှိတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းသာ အဓိက ဖြစ်တယ်။ ကျနော်တို့ Statement (ထုတ်ပြန်ချက်) ထဲမှာလည်း ထည့်သွင်းထားတာဖြစ်တယ်” ဟု ပြောသည်။

TNLA ၏ ဗဟိုကော်မတီ နှစ်ပတ်လည်း အစည်းအဝေး သဘောထားထုတ်ပြန်ချက်တွင် RCSS နှင့် နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲများ ရပ်စဲပြီး၊ ဒေသခံပြည်သူများ စစ်ဘေးဒဏ် မသင့်စေရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အဆင်သင့်ရှိ ကြောင်း ဖော်ပြထားသည်။

ပုံ-RCSS တပ်ဖွဲ့ကိုတွေ့ရစဉ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ရှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွေက နယ်မြေသတ်မှတ်ချက်များကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ ပြဿနာက ဖက်ဒရယ်စနစ် တည်ဆောက်ဖို့အတွက် အားလုံးသဘောတူတဲ့ ဖွဲ့စည်းပုံ မဖြစ်သရွေ့ကတော့ ဒီအတိုင်းပဲ သွားနေဦးမှာပဲ။ ငြိမ်းချမ်းရေးဖြေရှင်းရင်းနဲ့ ဒီတိုက်ပွဲတွေကို ဖြေရှင်းသွားရမှာပဲ” ဟု ပြော သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရေးကိစ္စနှင့် ပတ်သက်ပြီး RCSS မှ ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

RCSS နှင့် TNLA တို့သည် တိုက်ပွဲများ ရပ်တန့်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုနေသော်လည်း လက်တွေ့ တွင် တွေ့ဆုံဆွေးနွေးမှုမရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်ဖြစ်ပြီး TNLA နှင့် SSPP တို့ကမူ NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။ သို့သော် TNLA-SSPP သည် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များ ဖြစ်ကြသည်။

RCSS နှင့် TNLA- SSPP ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများသည် ၂၀၁၅ ခုနှစ်၊ နို၀င်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ သိန်းနီ စသည့် မြို့နယ်များအတွင်း နယ်မြေ အငြင်းပွား ကာ တိုက်ပွဲများ ယနေ့ထိတိုင် မကြာခဏ ဖြစ်ပွားလျက်ရှိနေကြသည်။