CNI International News

လန်ဒန်၊ ဇန်နဝါရီ ၁၀

ဒီနှစ်ဟာဆိုရင်တော့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ အတွက် အထူးအလေးထားရတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်တုန်းက ဘုရင်မကြီး ထီးနန်းအရိုက်အရာကို စတင်ဆက်ခံတာမို့လို့ အခုဆိုရင် ထီးနန်းစံသက် နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ်နဲ့ ပလက်တီနမ်ရတုပွဲတော် ကျင်းပတော့မှာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင်တော့ အဲလိဇဘက်-၂ ကို နန်းသက်အရှည်ဆုံး ဗြိတိန်ဘုရင်မအဖြစ်ရော သက်တမ်းအရှည်ကြာဆုံး အမျိုးသမီး ခေါင်းဆောင်အဖြစ်ပါ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကြုံတောင့်ကြုံခဲ နန်းစံသက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖို့ အခုတစ်နှစ်ပတ်လုံး ဗြိတိန်နိုင်ငံတခွင်မှာ အခမ်းအနားတွေ အများကြီးလုပ်ဖို့ ရှိတယ်လို့ စီအင်န်အင်န်သတင်းအရ သိရပါတယ်။

ပုံ-အဲလိဇဘက်-၂ နဲ့ မင်းသား ဖိလစ်ကိုတွေ့ရစဉ်။(CNN)

အထိမ်းအမှတ်ရတုပွဲ ရက်သတ္တပတ်ရယ်လို့ ဗြိတိန်မှာ လူသိများတဲ့ ဇွန်လ ၂ ရက်ကနေ ၅ ရက်အထိ ၄ ရက်ကြာ အများ ပြည်သူ အားလပ်ရက်အဖြစ် ရုံးတွေ၊ ကျောင်းတွေ၊ ဘဏ်တွေ ပိတ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီ အားလပ်ရက်တွေမှာ အများနဲ့သက်ဆိုင်တဲ့ အခမ်းအနားတွေ ကျင်းပခြင်း၊ လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့အပြင် ဘုရင်မကြီး အုပ်ချုပ်ရေးတာဝန် နှစ် ၇၀ ထမ်းဆောင်ခဲ့တဲ့ အထိမ်းအမှတ် အစီအစဉ်တွေလည်း ပါဝင်မှာပါ။

အဲဒီ အခမ်းအနားတွေမှာတော့ ကြင်ယာတော် ဖိလစ်မင်းသားကြီး မပါတဲ့ ဘုရင်မကြီးရဲ့ ပထမဆုံး ရတုသဘင်ပွဲ ဖြစ်လာမယ် လို့ သိရပါတယ်။ ဆန်ဒရင်ဟမ်အိမ်တော်နဲ့ ဘယ်လ်မိုရယ် ရဲတိုက်တို့ အပါအဝင် ဘုရင်မကြီး ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်အိမ်မြေ ခြံ ဝင်းအတွင်းမှာ ရတုသဘင် အပြင်အဆင်တွေနဲ့အတူ ပွဲတော်တွေ ထည့်သွင်း ကျင်းပပေး ပါလိမ့်မယ်။

“ပလက်တီနမ်ပူတင်း” အခမ်းအနားလို့ခေါ်တဲ့ ဘုရင်မကြီးအတွက် ရည်စူးပြီး ပြုလုပ်ကြမယ့် မုန့်ဖုတ်ပြိုင်ပွဲကိုလည်း နိုင်ငံ အဆင့် ကျင်းပပေးပြီး ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် သူတွေကလည်း အားခဲနေကြပါပြီ။

ပုံ-အဲလိဇဘက်-၂ ဘုရင်မကြီးကိုတွေ့ရစဉ်။(CNN)

ဒါ့အပြင် ဗြိတိန်မှာ နေထိုင်မှုသက်တမ်း ၈ နှစ် အထက်ရှိတဲ့သူတွေကို ဟင်းချက်နည်း အပြိုင်အဆိုင်ဖန်တီးကြဖို့ ဖိတ်ခေါ် ကမ်းလှမ်းသွားမှာဖြစ်ပြီး ဆန်ခါတင် စာရင်းဝင်သူတွေကို နာမည်ကျော် မုန့်ဖုတ်ဆရာမ မေရီဘယ်ရီ၊ မိုနီကာဂလက်တီနဲ့ ဘာကင်ဟမ်နန်းတော်မှ စားဖိုမှူး မာ့ခ်ဖလေနာဂန်တို့ အပါအဝင် အကဲဖြတ် အမှတ်ပေးကြမှာပါ။

အဲဒီနောက် ရတုသဘင် ပိတ်ရက်တွေမတိုင်ခင်မှာ အနိုင်ရရှိတဲ့ ဟင်းချက်နည်း၊ မုန့်ဖုတ်နည်းကို အများပြည်သူသိရှိအောင် ချပြကြေညာသွားမှာပါ။

ဘာကင်ဟမ်နန်းတော်ရဲ့ အရေးပါတဲ့ အခုလို အခိုက်အတန့်လေးကို ဂုဏ်ပြုဖို့ ကမ္ဘာကျော် အနုပညာကြယ်ပွင့်တချို့နဲ့ ပေါင်း စပ် ကျင်းပဦးမှာဖြစ်ပြီး နန်းတော်မှ ဘီဘီစီ ပလက်တီ နမ်ပါတီပွဲ အခမ်းအနားကိုလည်း စီစဉ်ထားတဲ့အပြင် တခြား အစီအစဉ် တွေ တင်ဆက်ဦးမယ်လို့ သိရပါတယ်။

ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့ ရောက်ရင်တော့ ယူကေတစ်ဝန်း မြို့တွေ၊ ရွာတွေ ၁,၅၀၀ ကျော်တို့မှာ ရတုသဘင် အထိမ်း အမှတ် မီးရှူးတန်ဆောင်တွေ ထွန်းညှိကြမှာပါ။

ပုံ-အဲလိဇဘက်-၂ ဘုရင်မကြီးကိုတွေ့ရစဉ်။(CNN)

တစ်ချိန်တည်း၊ တပြိုင်တည်းမှာပဲ ဗြိတိသျှ ဓနသဟာယနိုင်ငံတွေရဲ့ မြို့တော်တွေမှာလည်း ဘုရင်မကြီးအပေါ် ထားရှိကြတဲ့ သဘောထား အမျိုးမျိုး ကွဲပြားနေပေမယ့် မီးရှူးမီးပန်း ညီညီညာညာပဲ ပစ်ဖောက်ကြပါလိမ့်မယ်။

ပလက်တီနမ်ရတု ပြိုင်ပွဲအနေနဲ့ အနုပညာရှင်တွေ၊ အကသမားတွေ၊ ဂီတသမားတွေ၊ စစ်မှုထမ်းတွေနဲ့ အရေးပါတဲ့ တခြား ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ တီထွင်ဆန်းသစ်ဖန်တီးမှုပွဲတော်တစ်ခုကို စုစည်းကျင်းပပေးမှာဖြစ်ပြီး အဲဒီအစီအစဉ်မှာ ဘုရင်မကြီး အဲလိဇဘက်-၂ ရဲ့ နန်းစံတဲ့ အကြောင်းချင်းရာတွေကို ဂုဏ်ပြုတင်ဆက်ကြပါလိမ့်မယ်။

အဲဒီ အစီအစဉ်ကို လန်ဒန်မြို့တော်မှာ ကျင်းပဖို့ စီစဉ်ထားပြီး လမ်းပေါ်က အနုပညာ၊ ပြဇာတ်ရုံ၊ ဂီတဖျော်ဖြေရေး၊ ဆပ်ကပ်နဲ့ ဖက်ရှင်ဝတ်စုံ၊ အမြင်ပိုင်းဆိုင်ရာနည်းပညာတို့နဲ့ ဝေဝေဆာဆာပါပဲ။

ဘုရင်မကြီးရဲ့နန်းစံသက် ပလက်တီနမ်ရတုပွဲတော်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၅ ရက်နေ့မှာတော့ အလှမယ်ပြိုင်ပွဲ ကျင်းပ ပေးမယ်လို့ စီအင်န်အင်န်သတင်းအရ သိရပါတယ်။

Source: CNN