CNI International News

နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၁၀

ယခင်သီတင်းပတ်များက ကာဇက်စတန်နိုင်ငံကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့် အကြမ်းဖက်မှု အဓိကရုဏ်းများအတွင်း လူ ၁၆၀ သေဆုံး၍ ၅၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ကနဦး ခန့်မှန်းချက်များအရ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ယူရို ၁၇၅ သန်း (ဒေါ်လာ ၁၉၈ သန်း) ခန့်ရှိကြောင်း ကာဇက်ပြည်ထဲရေး ဌာနကို ကိုးကားလျက် ဒေသတွင်း မီဒီယာများက ဖော်ပြသည်။ စီးပွားရေးလုပ်ငန်းနှင့် ဘဏ်ပေါင်း ၁၀၀ ကျော် တိုက်ခိုက် လုယက်ခံခဲ့ရပြီး မော်တော်ယာဉ်အစီးရေ ၄၀၀ ခန့် ယိုယွင်းခဲ့ရကြောင်း ပြည်ထဲရေးဌာနက ဆက်လက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၃၀ အတွင်း လူအသေအပျောက် အများဆုံးဖြစ်ခဲ့သည့် ယခု အကြမ်းဖက်မှုများအတွင်း ကလေးသူငယ် ၂ ဦး အပါအဝင် စုစုပေါင်း လူ ၁၆၄ ဦး သေဆုံးခဲ့ကြောင်း ကာဇက်ကျန်းမာရေးဌာနကို ကိုးကားလျက် ရုရှား နိုင်ငံမှ စပွတ်နစ်သတင်းဌာနက ဇန်နဝါရီ ၉ ရက်တွင် ရေးသားဖော်ပြသည်။

ကာဇက်စတန်၏ အဓိကမြို့ဖြစ်သော အယ်လ်မာတီတွင် လူ ၁၀၃ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုးရွားဆုံး မငြိမ်သက်မှု ဖြစ်ပွားခဲ့ ကြောင်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပုံ- ကာဇက်စတန် အဓိကရုဏ်းအတွင်း လုံခြုံရေးတပ်ဖွဲ့က ဖြိုခွင်းနေစဉ်။(Valery Sharifulin)

ဇန်နဝါရီ ၉ ရက်တွင် နိုင်ငံ၏ စီးပွားရေး အချက်အချာ အယ်လ်မာတီမြို့တွင် အခြေအနေ ပုံမှန်အနေအထားသို့ ပြန်ရောက် သွားပုံရပြီး ရဲတပ်ဖွဲ့က မြို့လယ်ခေါင်ရင်ပြင်သို့ လူအများ ချဉ်းကပ်လာမှုကို တားဆီးရန်အတွက် ရံဖန်ရံဖန် သေနတ်ကို မိုးပေါ်ထောင်၍ ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

“ဒီကနေ့ဆိုရင် ဒေသအားလုံးမှာ အခြေအနေ တည်ငြိမ်လာပါပြီ။ အမိန့်ပြန်တည်ဆောက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ကာဇက်စတန်ပြည်ထဲရေးဝန်ကြီး အာလန်တာဂန်ဘေယက်ဗ်က ပြော သည်။

ဆူပူမှုနှင့်ပတ်သက်၍ သီးခြားစုံစမ်းစစ်ဆေးမှု ၁၂၅ ခု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ကြောရေးလုပ်ရန် လူ ၅,၁၃၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီးက ဆက်ပြောသည်။

နိုင်ငံတစ်ဝန်း သေဆုံးသူအရေအတွက် တိုးလာမည်ဟု ယူဆရကြောင်း အယ်လ်ဂျာဇီးယားသတင်းထောက် ရော်ဘင်ဖော်ရီ ယာဝဲလ်ကာက သတင်းပေးပို့ထားသည်။

ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်များတွင် နာရီတော်တော်ကြာအောင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများ၊ အကြမ်းဖက် ပစ်ခတ်မှုများ၊ ဖောက်ခွဲမှုများအပေါ် မူတည်ပြီး သေဆုံးခဲ့သူ အရေအတွက် ထပ်တိုးလာမည့် သဘောရှိပါသည်ဟု ၎င်းက ရှင်းပြခဲ့သည်။

Source: Aljazeera