CNI International News

ဆာရာဂျေဗို၊ ဇန်နဝါရီ ၁၀

၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သော လူမျိုးရေးပြည်တွင်းစစ်အပြီးတွင် မျက်မှောက်ကာလ ဘော့ စနီးယားနိုင်ငံ၏ တကျော့ပြန်နိုင်ငံရေးအကျပ်အတည်းဖြစ်လာစဉ်အတွင်း ဆာ့ဘ်လူမျိုးများက တရားမဝင် အားလပ်ရက်ဖြစ်သော ဇန်နဝါရီ ၉ ရက်၌ အမျိုးသားရေးသီချင်းများ သီဆိုဟစ်ကြွေး၍ သံချပ်ကာယာဉ်များ၊ ရဲလုပ်သုံးရဟတ်ယာဉ်များ၊ ရိုင်ဖယ်သေနတ်များဖြင့် ချီတက်ခဲ့ကြကြောင်း အေပီသတင်းအရ သိရသည်။

ဆာ့ဘ်လူမျိုးတို့နိုင်ငံ၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဘန်ဂျာလူကာမြို့တွင် ထောင်နှင့်ချီသော လူစုလူဝေးကို ဘော့စနီးယား၊ ဆာ့ဘ်အမျိုးသားရေးဝါဒီခေါင်းဆောင် မီလိုရက်ဒ်ဒေါ့ဒစ်က မိန့်ခွန်းပြောကြားခဲ့သည်။ မီလို ရက်ဒ်ဒေါ့ဒစ်သည် ၎င်း၏အကျင့်ပျက်ခြစားသောလုပ်ရပ်များနှင့် နိုင်ငံမှ ခွဲထွက်ရေးခြိမ်းခြောက်မှုများကြောင့် ယခင်သီတင်းပတ်၌ ဝါရှင်တန်က ၎င်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်၍ ရှုတ်ချခဲ့သည်။

“အခု စုဝေးမှုကတော့ ကျနော်တို့အခွင့်အရေးတွေကို ပယ်ချတဲ့သူတွေ၊ ကျနော်တို့အပေါ် ပိတ်ဆို့အရေးယူမှု ဆက်လုပ်နေတဲ့သူတွေကို အကောင်းဆုံးတုံ့ပြန်မှုပါပဲ” ဟု ဒေါ့ဒစ်က ပြောသည်။

“အမေရိကန်တွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မရွေးချယ်ဘဲ ဆာ့ဘ်လူမျိုးတွေရဲ့ဆန္ဒကိုပဲ ဖြည့်ဆည်းပေးဖို့ ကျနော် ရွေးချယ်ခဲ့ပါတယ်။ ခင်ဗျားတို့စကားကိုပဲ နားထောင်တယ်ဆိုတာ ကျနော် သက်သေထူတာပါ” ဟု ၎င်းက ဆက် ပြောသည်။

ဆာ့ဘ်များက ဘော့စနီးယားနိုင်ငံတွင် ၎င်းတို့ကိုယ်ပိုင်ပြည်နယ်ကို ထူထောင်ကြောင်း ကြေညာခဲ့သည့် ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်ကို အထိမ်းအမှတ်အဖြစ် နှစ်စဉ်အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုစဉ်က ဘော့စနီးယားတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများနှင့်အတူ ၄ နှစ်နီးပါးကြာ မျိုးနွယ်စုဆိုင်ရာ စစ်မီးတောက်လောင် ခဲ့သည်။

ဆာ့ဘ်ရှေးရိုးစွဲခရစ်ယာန်ဘာသာရေး အားလပ်ရက်နှင့်လည်း တိုက်ဆိုင်နေသည့် အဆိုပါ “ဇန်နဝါရီ ၉” အားလပ် ရက်ကို ဘော့စနီးယားနိုင်ငံ ထိပ်တန်းတရားရုံးက ၂၀၁၅ ခုနှစ်တွင် တားမြစ်ခဲ့ပြီး ယင်းအားလပ်ရက်သည် မွတ် ဆလင်ဘာသာဝင်ဘော့စနီးယားများနှင့် ကက်သလစ်ဘာသာဝင် ခရိုအေးရှားလူမျိုး (ခရိုအက်)တို့ကို ခွဲခြား ဆက်ဆံရာရောက်ကြောင်း အဆုံးအဖြတ်ပေးခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များက ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ သိန်းကျော်သေဆုံးကာ တိုင်းပြည်လူဦးရေ၏ ထက်ဝက်ကျော် ကို ဒုက္ခသည်ဘဝ ဆိုက်ရောက်စေခဲ့သော ဘော့စနီးယားပြည်တွင်းစစ်အတွင်း မွတ်ဆလင်ဘော့စနီးယားနှင့် ခရိုအက်တို့မှာ နှိပ်စက်ညှင်းပန်းခံခဲ့ရသည်။ ထိုမျှနှင့်မပြီးသေးဘဲ မျက်မှောက်ကာလတွင် ဆာ့ဘ်တို့အုပ်ချုပ်သည့် ဘော့စနီးယားနိုင်ငံ အစိတ်အပိုင်းများထဲမှ အဆိုပါမျိုးနွယ်စုများ နှင်ထုတ်ခံရလုနီးပါး ဖြစ်လာခဲ့သည်။

ဘော့စနီးယားပြည်တွင်းစစ်အပြီးတွင် အမေရိကန်ကြားဝင်စေ့စပ်ပေးခဲ့သည့် ဒေတန် (Dayton) ငြိမ်းချမ်းရေး သဘောတူစာချုပ်အရ ဘော့စနီးယားကို တစိတ်တပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေနှစ်ခုအဖြစ် ဆာ့ပ်စ်ကာ သမ္မတနိုင်ငံ (Republika Srpska) ဇုန် နှင့် မွတ်ဆလင်ဘော့စနီးယား-ခရိုအက်တို့ လွှမ်းမိုးရာဇုန်ဟူ၍ ပိုင်းခြား သတ်မှတ်ပေးခဲ့သည်။

ထိုသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုစီ၌ ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်လွှတ်တော်နှင့် ကိုယ်ပိုင်ရဲတပ်ဖွဲ့ဟူ၍ သီးသန့်ရပ်တည်ကြရှိပြီး ၎င်းအစိုးရနှစ်ရပ်ကို တရားစီရင်ရေး၊ စစ်တပ်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် အခွန် ဘဏ္ဍာတို့အပါအဝင် အညီအမျှ ခွဲဝေထားသော အုပ်ချုပ်ရေးအဖွဲ့များဖြင့် ချိတ်ဆက်လည်ပတ်စေခဲ့သည်။ အမျိုး သားအဆင့်လုပ်ဆောင်ချက်အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများပေါ်ပေါက်လာသည့်အခါကျမှ မျိုးနွယ်စု ၃ ခု စလုံး ရှိ လက်နက်ကိုင် ၃ ဖွဲ့၏ သဘောတူညီချက် လိုအပ်သည်။

Source: AP