CNI International News
ကရာကတ်၊ ဇန်နဝါရီ ၁၀
ဗင်နီဇွဲလားနိုင်ငံတွင် ကွယ်လွန်သူသမ္မတဟောင်း ဟူဂိုချာဗက်ဇ်၏ ဇာတိဖြစ်သည့် ဘရီနက်စ် (Barinas) ပြည်နယ်အတွက် အုပ်ချုပ်ရေးမှူး အထူးရွေးကောက်ပွဲ၌ အတိုက်အခံသမားတစ်ဦးကို မဲဆန္ဒရှင်များက ဇန်နဝါရီ ၉ ရက်၌ ရွေးချယ်ခဲ့ကြကြောင်း အေပီသတင်းတစ်ပုဒ်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ပုံမှန်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် အဆိုပါအတိုက်အခံအုပ်စုဘက်မှ ဝင်ပြိုင်သူ အတွက် အရည်အချင်းပြည့်မီခဲ့ခြင်းမရှိသော်လည်း ယခု မဲရေတွက်မှု၌ ၎င်းသည် ရှေ့ဆုံးမှတစ်ပြေးနေခဲ့သည်။
အမေရိကန်ကျောထောက်နောက်ခံပြု အတိုက်အခံပါတီအတွက် ကိုယ်စားလှယ်လောင်း ဆာဂျီယိုဂါရီဒိုသည် ၎င်း၏ပြိုင်ဘက် ဂျော့အာရီယာဇာ(နိုင်ငံခြားရေးဝန်ကြီးဟောင်း)ကို အနိုင်ရခဲ့သည်။ မဲဆွယ်စည်းရုံးရေးကာလ တုန်းကတော့ လက်ရှိအာဏာရပါတီက အတိုက်အခံ လက်ဝဲယိမ်း ချာဗစ်စမိုအုပ်စုကို ထိန်းချုပ်ထားနိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ၏အမြင့်ဆုံးတရားရုံးက အတိုက်အခံသမ္မတလောင်း ဖရက်ဒီစူပါလာနိုကို အရည်အချင်းမပြည့်မီ ကြောင်းသတ်မှတ်၍ အထူးရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန် စီစဉ်ခဲ့ပြီးနောက် ရက်သတ္တ ၅ ပတ်အကြာတွင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခဲ့ကြသည်။
“ဒီကနေ့မှာဆိုရင် ဘရီနက်စ်ပြည်နယ်ဟာ စိန်ခေါ်မှုကို ဒီမိုကရေစီနည်းလမ်းတကျ လက်ခံခဲ့ပါပြီ။ ဒီနေ့ဒီရက်မှာ ကျနော်တို့ပြည်နယ်ဟာ ဗင်နီဇွဲလားနိုင်ငံတဝန်းမှာ အထင်ရှားဆုံးပြည်နယ်ဖြစ်လာနိုင်ခဲ့ပါတယ်” ဟု ဆာဂျီယို ဂါရီဒိုက ပြောသည်။
ဘရီနက်စ်ပြည်နယ်သူ ပြည်နယ်သားများအနေဖြင့် အတားအဆီးများ ကျော်လွှားရာတွင် စည်းလုံးညီညွတ်စွာ အောင်မြင်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။
အမျိုးသားရွေးကောက်ပွဲကောင်စီမှ ထုတ်ပြန်သည့်ရလဒ်များအရ ပြည်နယ်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ၌ ဂါရီဒိုက မဲစုစုပေါင်း၏ ၅၅ဒသမ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက် အာရီယာဇာက ၄၁ဒသမ၃ ရာခိုင်နှုန်း ရရှိခဲ့သည်။ ဒေသဆိုင်ရာခေါင်းဆောင်တစ်ဦးအဖြစ်သာရှိသေးသည့် ဂါရီဒိုကို တိုင်းပြည်၏အစိတ်အပိုင်း အတော်များများက မသိရှိသေးပေ။
တာဝန်ရှိသူများက ရလဒ်များကို မထုတ်ပြန်မီကပင် လူမှုကွန်ရက်မီဒီယာများတွင် အာရီယာဇာက ရှုံးနိမ့် နေခဲ့ပြီးသား ဖြစ်သည်။ အာရီယာဇာသည် လက်ရှိအာဏာရပါတီဘက်မှ ဝင်ရောက်ယှဉ်ပြိုင်သူဖြစ်သည်။
“ကျနော်တို့(အာဏာရပါတီ)ဖွဲ့စည်းပုံကို အခြေခံပြီး သိရှိရတဲ့အချက်အလက်တွေအရ မဲပေးမှု တိုးလာပေမယ့် ရည်မှန်းချက် မပြည့်မီဘူးဆိုတာ ပြသနေပါတယ်” ဟု အာရီယာဇာက တွစ်တာလူမှုကွန်ရက်တွင် ရေးသား ခဲ့သည်။
“ကျနော်တို့အပေါ် သူရဲကောင်းဆန်ဆန်နဲ့ စိတ်အားတက်ကြွစွာ မဲပေးခဲ့ကြသူတွေကို အထူးကျေးဇူးတင်ပါတယ်။ ဘရီနက်စ်ပြည်နယ်သူ၊ ပြည်နယ်သားတွေကို နယ်ပယ်ပေါင်းစုံကနေ ကာကွယ်စောင့်ရှောက်သွားမှာပါ” ဟု ၎င်းက တွစ်တာတွင် ဆက်လက်ရေးသားခဲ့သည်။
မဲစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည့် အခြားအတိုက်အခံပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်း ကလာ ဒီယိုဖားမင်းကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သေးသည်။
Source: AP