၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါဝင်သက်ဆိုင်သူများအားလုံး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘော တူစာချုပ်(NCA) လမ်းကြောင်းမှ သွေဖည်မသွားစေရေး အမျိုးသားရေး စိတ်ဓာတ်ဖြင့် သတိရှိရှိ ဆောင်ရွက်ပေးရန် နစက ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။

ယနေ့ (ဇန်နဝါရီ ၁၀ ရက်)တွင် ကျရောက်သည့် (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ပေးပို့သည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားထားသည်။

နစက ဥက္ကဋ္ဌက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါဝင်သက်ဆိုင်သူများအားလုံး အကြမ်းဖက်လုပ်ရပ်များ၊ အဖျက်မှောင့် လုပ်ရပ်များ၊ ပြည်တွင်း/ပြည်ပ ပယောဂများ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်း အမျိုးမျိုး ကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွားကြစေရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် သတိရှိရှိ ဆောင်ရွက် ပေးကြရန် မှာကြားလိုပါသည်”ဟု ပြောသည်။

နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှု မရှိပါက ဆက်လက် လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး အပြင် နိုင်ငံတော်ဖွံဖြိုးတိုးတက်မှုမှာ အလှမ်းဝေးနေဆဲသာဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုံ- အစိုးရ-တပ်မတော်- တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကိုတွေ့ရစဉ်။

လက်ရှိတွင် အစိုးရနှင့် လွှတ်တော်ကို ပယ်ဖျက်ပြီး အာဏာသိမ်းလိုက်ခြင်းကြောင့် NCA ၏ အနှစ်သာရကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက ပြောသည်။

၎င်းက “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်ပြီးတော့ အာဏာသိမ်း‌ ရယူလိုက်တဲ့အတွက် ဒီဥစ္စာက NCA ကို တပ်မတော်ဘက်က ချိုးဖောက်လိုက်တယ် ဆိုတဲ့ဟာကို ကျနော်တို့ ကြိမ်ဖန်များစွာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် NCA ရဲ့ နိုင်ငံရေး အနှစ်သာရက နိုင်ငံ ရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို့ NCA ရဲ့ အနှစ်သာရက အဲဒီအချက်ဖြစ်ပါတယ်”ဟု CNI သို့ ပြောသည်။

နစက(မူရင်း-စစ်ကောင်စီ)အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသည့်အတွက် PPST အနေနှင့် လက်ရှိ အချိန်တွင် NCA လမ်းကြောင်းမှတဆင့် အကောင် အထည်ဖော်ရန် အားနည်းသွားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ပုံ- ခွန်မြင့်ထွန်းကိုတွေ့ရစဉ်။

နစက အနေဖြင့် အခြေခံမူများဖြစ်သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နှစ်သစ်ကူး မိန့်ခွန်တွင် သက်ဆိုင်သူ အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်းနှင့်  NCA သဘောတူညီချက်ပါ အချက်များကို အကောင်အထည်ဖော်နိုင်ရေး လိုက်နာကြရန် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က တိုက်တွန်း ပြောခဲ့သေးသည်။

လက်ရှိတွင် NCA ထိုးထားသည့် အပစ်ရပ်(၁၀)ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက နိုင်ငံရေးဆွေးနွေးမှုများကို တစ်နှစ် ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန် ကြေညာထားသည်။ ထို့နောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်တန့်နေသလို NCA သဘောတူညီချက်ပါ အချက်အလက်များ အကောင်အထည်မဖော်နိုင်ပဲ ဖြစ်နေသည်။

NCA လက်မှတ်ထိုးထားသော အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်သည်။