၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် လွိုင်ကော်မြို့ကိုစွန့်ခွာ၍ နီးစပ်ရာ ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ဆီဆိုင်မြို့များသို့ တိမ်းရှောင်နေကြရကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ သူများထံမှ သိရသည်။

လွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) နှင့် တပ်မတော်ကြား ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ယနေ့ (ဇန်နဝါရီ ၁၀ ရက်)ထိ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများသည် ဆီဆိုင်နှင့်တောင်ကြီးဒေသများသို့ တိမ်းရှောင်သွားခဲ့ကြပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြရွာတွင် ယာယီတိုက်ပွဲရှောင်စခန်းဖွင့်လှစ်ကာ လက်ခံပေးနေကြောင်း၊ လက်ရှိ စခန်းတွင် တိုက်ပွဲရှောင် ၂၀၀ နီးပါးရှိကြောင်း စခန်းတာဝန်ခံ ခွန်ကျော်ဇေယျာက CNI သို့ ပြောသည်။

ထို့နောက် တခြားသော တိုက်ပွဲရှောင်များမှာ တောင်ကြီးနှင့်ဆီဆိုင်မြို့များရှိ နီးစပ်ရာ ဆွေမျိုးများထံမှာ သွားရောက်ခိုလှုံမှု များရှိသလို မြို့ပေါ် လူမှုကူညီရေးအသင်းအဖွဲ့များ၏ ယာယီနေရာများမှာလည်း နေထိုင်လျက်ရှိကြောင်း သိရသည်။

ခွန်ကျော်ဇေယျာက “မနေ့ညကတည်းက စလက်ခံတော့ သတ်မှတ်ထားတဲ့ နေရာ လေးနေရာမှာ လက်ခံပေးနေတာတော့ ဆယ်ဂဏန်းပဲ ရှိတယ်ခင်ဗျ။ အဲဒီမတိုင်ခင်တော့ သူတို့နီးစပ်ရာ ဆွေမျိုး အပေါင်းအသင်းအိမ်တွေမှာ ခိုလှုံလာကြတာ များ တော့များလာပြီ ခင်ဗျ” ဟု ပြောသည်။

ပုံ-လွိုင်ကော်မှ ဒေသခံများ တောင်ကြီးနှင့်ဆီဆိုင်မြို့သို့ တိုက်ပွဲရှောင်ရန် သွားနေကြစဉ်။ (Shan State Red Cross)

ကယားပြည်နယ်မှ တိုက်ပွဲရှောင်များသည် ဇန်နဝါရီလ ၈ ရက်နေ့ ၁၀ ရက်နေ့ထိ ဆက်တိုက် ထွက်ခွာလာနေဆဲ ဖြစ်ကြောင်း၊ လက်ရှိတွင် တိုက်ပွဲရှောင်များအတွက် အစားအသောက်နှင့် နေရာထိုင်ခင်းများသာ စီစဉ်ပေးနိုင်ပြီး အသုံးအဆောင်နှင့် အ ဝတ် အထည်များကိုတော့ စီစဉ်ပေးနိုင်ခြင်း မရှိသေးကြောင်း ခွန်ကျော်ဇေယျာက ပြောသည်။

၎င်းက “သွားတဲ့လမ်းက ၂ လမ်း ၃ လမ်းရှိတော့ ဆီဆိုင်မြို့ကို ဖြတ်လာတဲ့လမ်းကတော့ နေ့စဉ်တောက်လျှောက် ကားတွေက မပြတ်ဘူးဖြစ်နေတာ နှစ်ရက်သုံးရက် ဆက်တိုက်ဖြစ်နေတာ။ အရေအတွက်တော့ ခန့်မှန်းဖို့ ခက်ပါတယ်။ စစ်ရှောင်တွေ အတွက် လက်ရှိတော့ အရေးပေါ် နေရာထိုင်ခင်းတော့ စီစဉ်ပေးလို့ရတယ်။ လတ်တလော အရေးပေါ် စားဖို့သောက်ဖို့တော့ နီးစပ်ရာ အလှူရှင်တွေရှိတယ် ရပ်ရွာက အကူအညီတွေနဲ့ လက်တလော စီစဉ်ထားပေးလို့ရတယ်ပေါ့။ အသုံးအဆောင် အဝတ်အထည်တွေကတော့ လက်တလော မစီစဉ်နိုင်သေးဘူးပေါ့” ဟု ပြောသည်။

ကယားပြည်နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ- ကရင်နီအမျိုးသားတပ်မတော်(KA) ပူးပေါင်းအဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလျက်ရှိသလို အရပ်သားများ သေဆုံးထိခိုက်မှုများလည်း ကြုံတွေ့နေကြရသည်။