မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၁၀

ရွေးကောက်ပွဲ‌ အကြိမ်ကြိမ်ဆိုင်းငံ့ခြင်းသည် တိုင်းပြည်တည်ငြိမ်ရေးအပေါ် ခြိမ်းခြောက်လာခြင်းကြောင့် လာမည့် ဖေဖော်ဝါရီ ၂၅ ရက်၌ လွှတ်တော်ရွေးကောက်ပွဲများ အပြီးသတ်ကျင်းပပေးရန် ဆိုမာလီယာခေါင်းဆောင်များ သဘောတူညီခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

ရွေးကောက်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ ပြည်တွင်း ကသောင်းကနင်းဖြစ်မှုများ အဆုံးသတ်စေလိုသည့် ရည်ရွယ် ချက်ဖြင့် နိုင်ငံ့ခေါင်းဆောင်များနှင့် ဆိုမာလီယာဝန်ကြီးချုပ် မိုဟာမက်ဟူစိန်ရိုဘဲတို့ ရက်အတန်ကြာ ဆွေးနွေး ခဲ့ကြပြီးနောက် ဇန်နဝါရီ ၉ ရက်တွင် အဆိုပါသဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။

မြို့တော်မိုဂါဒစ်ရှူးတွင် ကျင်းပခဲ့သည့် ၎င်းဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့်ကြေညာချက်တွင် “အောက်လွှတ် တော်၏ လက်ရှိကျင်းပမည့် ရွေးကောက်ပွဲသည် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အတွင်း ပြီးစီးလိမ့်မည်” ဟု ရေးသားထားသည်။

ဝန်ကြီးချုပ် ဟူစိန်ရိုဘဲနှင့် သမ္မတ မိုဟာမက်အဗ္ဗဒူလာဟီမိုဟာမက် (၎င်း၏အမည်ပြောင် nick name ဖားမားဂျို) တို့က ရွေးကောက်ပွဲနှောင့်နှေးခြင်းကို အကြောင်းပြု၍ လက်နက်ပဋိပက္ခများ ပြန်လည် ခေါင်းထောင်လာမည့် အပေါ် စိုးရိမ်ခဲ့ကြသည်။

အယ်လ်ရှာဘတ်လက်နက်ကိုင်အဖွဲ့ကြောင့် အသေအပျောက်ရှိခဲ့သည့် အုံကြွမှု ဖြစ်ပွားနေဆဲ အခိုက်အတန့် အတွင်း တိုင်းပြည်တည်ငြိမ်ရေးလိုအပ်နေသည့် ဆိုမာလီယာအကျပ် အတည်းနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်း အဝိုင်းက စိုးရိမ်မကင်းဖြစ်မိကြောင်း သတိပေးထုတ်ပြန်ချက်များလည်း ပေါ်ထွက်ခဲ့သည်။ 

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ၎င်းကိုယ်တိုင်ရွေးချယ်ခဲ့သော ဝန်ကြီးချုပ်ကို သမ္မတ ဖားမားဂျို (Farmaajo) က ရာထူးမှဆိုင်းငံ့လိုက်ရာ ခေါင်းဆောင်နှစ်ဦးကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သေးသည်။

သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အလုံးစုံသောအာဏာသိမ်းပိုက်ရန် ကြိုးပမ်းမှု ဖြစ် ကြောင်း ဝန်ကြီးချုပ် ရိုဘဲက ခွန်းတုံ့ပြန်စွပ်စွဲခဲ့ပြီး ဖားမားဂျို ရာထူးမှ နှုတ်ထွက်ပေးရန် အတိုက်အခံ ခေါင်းဆောင် များ၏ တောင်းဆိုချက်များလည်း ပေါ်ပေါက်လာခဲ့သည်။

ဖားမားဂျို၏ လေးနှစ်တာအခွင့်အာဏာမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ သက်တမ်းကုန်ခဲ့ပြီး ဧပြီလတွင် လွှတ် တော်က သမ္မတသက်တမ်းကို အငြင်းပွားစရာ တိုးမြှင့်ပေးခဲ့ပြန်သည်။ ထို့ကြောင့် မိုဂါဒစ်ရှူးမြို့ လမ်းမပေါ်များ တွင် သေနတ်ပစ်ဖောက်မှုများ ဖြစ်ပွားခဲ့ပြီး သမ္မတအနေဖြင့် အလုံးစုံသော အာဏာသိမ်းပိုက်ရေး လုပ်ဆောင် သည်မှာ ထင်ရှားကြောင်း နိုင်ငံရေးပြိုင်ဘက်အချို့က ဝေဖန်ခဲ့ကြသည်။

Source: Aljazeera