၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

၂၀၂၂ ခုနှစ်အတွင်း လက်ရှိနိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန် အပစ်ရပ်(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို JPF က ဒေါ်လာ ၁.၅ သန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

ယခု JPF က ချပေးသော ငွေကြေးသည် PPST အနေဖြင့် ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံရေးအကျပ်အတည်းများ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်အတွက် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်နေသူများကပြောသည်။

PPST ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက “ အဲတာကတော့ ဒီကိစ္စရပ်တွေကတော့ ဒီအဖွဲ့အစည်းတွေကို ပေးတာဆိုတာ ထက်ကို ကျနော်တို့ နိုင်ငံရေးဆွေးနွေးတဲ့ ဖြစ်စဉ်တွေ၊ အကောင်အထည်ဖော်မှု ဖြစ်စဉ်တွေအတွက်ကို သူ့ဆိုင်ရာ ဆိင်ရာ ရုံး အဖွဲ့တွေနဲ့ဆိုင်ရာဆိုင်ရာ ငွေကြေးသုံးစွဲမှု အဖွဲ့အစည်းတွေကနေပြီးတော့ သူတို့ထောက်ပံ့ပေးတာမျိုးတွေ ဖြစ် ပါတယ်။ ကျနော်တို့ အိတ်ထဲကို အဲ့ပိုက်ဆံတွေ ထည့်ပေးတာမဟုတ်ပါဘူး”ဟု CNI သို့ ပြောသည်။

အဆိုပါ ငွေကြေးများကို ငြိမ်းချမ်းရေး အစည်းအဝေးများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လည်း အသုံးပြုကြောင်း သိရသည်။

ပုံ-ခွန်မြင့်ထွန်းကိုတွေ့ရစဉ်။(NCA-S EAO)

PPST ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက “ငြိမ်းချမ်းရေး အစည်းအဝေးတွေ လုပ်ကြတယ်၊ ဘယ်ကိစ္စတွေ ဘယ်လိုလုပ် ကြတယ်ဆိုတဲ့ဟာတွေ ဒါက JPF က သူ့ပရော်ဂျက်နဲ့သူ အကောင်အထည်ဖော်တာဖြစ်ပါတယ်။ ကျနော်တို့ အိတ်ထဲကို အဲ့ ပိုက်ဆံတွေ ထည့်ပေးတာ မဟုတ်ပါဘူး။ ကျနော်တို့ အဲ့ပိုက်ဆံတွေကို ရယူပြီးမှ သုံးစွဲခွင့်မရှိပါဘူး။ ကျနော်တို့ ခုနလို မိမိ ပုဂ္ဂိုလ်ရေး ကိုယ်ကျိုးအတွက်ရော၊ ကျန်တဲ့ ကိစ္စရပ် ဘယ်ကိစ္စဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ ပုဂ္ဂိုလ်ရေးကိုယ်ကျိုးတွေ အတွက် အဲပိုက်ဆံတွေ သုံးစွဲတာမဟုတ်ဘူး။ JPF က သူတို့ဖာသာသူတို့ ထားထားတဲ့ အဲဒီမှာ ရန်ပုံငွေ သုံးစွဲတဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးတာပဲ ရှိတယ်။ ကျနော်တို့ အိတ်ထဲကို အဲ့ပိုက်ဆံတွေ ထည့်တာမဟုတ်ပါ ဘူး။ ကျနော်တို့ ပုဂ္ဂိုလ်အကျိုးစီးပွားအတွက်လည်း အဲ့ပိုက်ဆံတွေ ရယူသုံးစွဲလို့ မရပါဘူး။ သူတို့ဟာ သူတို့နိုင်ငံတကာ လုပ် ထုံးလုပ်နည်းတွေနဲ့အညီ သူတို့အဖွဲ့အစည်းတွေနဲ့ သူတို့ အကောင်အထည်ဖော်ကြတာပါ”ဟု CNI သို့ ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ငွေကြေးထောက်ပံ့ ကူညီပေးနေသော ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံငွေအဖွဲ့(JPF)တွင် သြစတြေး လျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ အီတလီ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန် စသည့် နိုင်ငံများ ပါဝင်ကြသည်။

ပုံ- အစိုးရ-တပ်မတော်- EAOs ခေါင်းဆောင်များကိုတွေ့ရစဉ်။(NCA-S EAO)

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကို ငွေကြေးထောက်ပံ့ပေးကြောင်း သိရသည်။

လက်ရှိတွင် NCA ထိုးထားသည့် အပစ်ရပ် (၁၀)ဖွဲ့ကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက NCA မှတဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များကို ယာယီတစ်နှစ် ရပ်ဆိုင်းကြောင်း ကြေညာထားသည်။

သို့သော် နစက-က NCA စာချုပ်ပါ သဘောတူညီချက်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်သူ အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ဒီဇင်ဘာ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

NCA လက်မှတ်ထိုးထားသော အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်သည်။