CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀
 
ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့် အမှု ၃ ခုအတွက် ယနေ့ (ဇန်နဝါရီ ၁၀ ရက်)တွင် နေပြည်တော် ရှိ တရားရုံးက ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်လိုက်ကြောင်း တရားရုံး အသိုင်းအဝိုင်းမှ သိရသည်။
 
ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ခဲ့သော အမှုများမှာ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ၅ နှစ် ကျခံစေရန် အမိန့် ချခဲ့သည်။
 
သို့သော် ပို့ကုန်သွင်းကုန်ဥပဒေနှင့် ဆက်သွယ်ရေးဉပဒေကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂ နှစ်သာ ကျခံရမည်ဖြစ်ရာ စုစုပေါင်း ၅ နှစ်အစား ၄ နှစ်သာ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
 
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူစေရန်လှုံ့ ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံ စေရန် ပထမဆုံးအကြိမ် အမိန့်ချမှတ်ခံခဲ့သည်။
 
သို့သော် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၄ နှစ်ကျခံစေရန် အမိန့်ချမှတ် မှုအပေါ် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်လျှော့ပေါ့ ခံစားခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
 
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ တရားရုံး အမိန့်ချ မှတ်မှုများကြောင့် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။