CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ ပြည်တော်သာကျောင်းတိုက် ဆရာတော် ဦးဇဝန‌နှင့်အတူ ဒါကာ ၁၃ ဦးအား သံဃာ့ဝိ နည်းနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိဘဲ သာသနာညှိုးနွမ်းစေနိုင်သည့် လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

ဦးဇဝန(ခ) ဇာနည်ကိုကိုသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က မွေးနေ့ပွဲ ကျင်းပခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် Live လွှင့်ခဲ့သည်။

အဆိုပါ Live တွင် ၎င်းအား ကိုးကွယ်သူများနှင့် နမ်းခြင်း၊ မွေးနေ့သီချင်းများ သီဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ကခုန်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုံ-မွေးနေ့ပွဲမှာ အရက်သေစာ သောက်စားနေခြင်း

ထို့ကြောင့် ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် ဇန်နဝါရီ ၃ ရက်နေ့က ဦးဇဝန(ခ) ဇာနည်ကိုကို အပါအဝင် ဒါကာ ၁၃ ဉီးတို့အား မွေးနေ့ပွဲကျင်းပခဲ့ရာ နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

ဦးဇဝန(ခ) ဇာနည်ကိုကိုသည် သံဃာတော်များ အသုံးပြုရန် သင့်တော်ခြင်းမရှိသည့် တန်ဖိုးကြီးဖိနပ်၊ လက်ကိုင်အိတ်၊ မျက် မှန်၊ တောင်ဝှေး စသည့် သာမန်လူပုဂ္ဂိုလ် အသုံးအဆောင်များအား ဝတ်ဆင်အသုံးပြုခဲ့ကြောင်း၊ ၎င်းအသုံးအဆောင်များဖြင့် အလှဓာတ်ပုံများရိုက်ကူးကာ သံဃာ့ဝိနည်းအား လိုက်နာခြင်းမရှိဘဲ Facebook တွင် ပို့စ်တင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဦးဇဝန(ခ) ဇာနည်ကိုကိုသည် လောင်းကစားများ ပြုလုပ်သည့်အပြင် လိင်တူဆက်ဆံမှုများလည်း ပြုလုပ်မှုများ ရှိကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ အခြေအနေများကြောင့် ဦးဇဝန(ခ) ဇာနည်ကိုကိုအား ဘာသာသာသနာ ညှိုးနွမ်းစေရန် ပြုလုပ်ခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅၊ ၅၀၅-က၊ လောင်းကစားဥပဒေတို့ဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။