CNI International News

မော်စကို၊ ဩဂုတ် ၉

သမ္မတ ဗလာဒီမာ ပူတင်သည် လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ(UN) အထွေထွေညီလာခံသို့ တက် ရောက်မည် မဟုတ်ကြောင်းနှင့် ဗွီဒီယိုလင့်ခ်မှ တစ်ဆင့် မိန့်ခွန်းပြောရန်လည်း အစီအစဉ်မရှိကြောင်း ကရင်မလင် သမ္မတ နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က တာ့စ်သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ခရီးစဉ်နဲ့ မိန့်ခွန်းပြောဖို့ စီစဉ်ထားတာ မရှိပါဘူး” ဟု မီဒီယာများ ပေးပို့ကြသည့် သက်ဆိုင်ရာ မေးခွန်းများအလိုက် ဖြေဆိုရာ ၌ ၎င်းက တုံ့ပြန် ဖြေကြားခဲ့သည်။

ရုရှားတိုက်ခိုက်မှုကို ခံထားရတဲ့ ယူကရိန်း(GETTY IMAGES)

UN အထွေထွေညီလာခံ၌ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်ကြမည့် အဆင့်မြင့် အစည်းအဝေးများကို လာမည့် စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

UN ရုံးချုပ်တွင် နှစ်စဉ် ကျင်းပနေကျဖြစ်သည့် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ အဖွဲ့ဝင် နိုင်ငံအသီးသီးမှ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ တက်ရောက်လေ့ရှိသည့် အစဉ်အလာရှိသည်။

ယခုနှစ်အတွက် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် ဦးဆောင်၍ တက်ရောက်မည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: တာ့စ်သတင်းဌာန