CNI International News

ဝါရှင်တန်၊ ဩဂုတ် ၉

အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့(FBI) သည် ဖလော်ရီဒါ ပြည်နယ်ရှိ သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ မာရာလာဂို (Mar-a-Lago) အပန်းဖြေရိပ်သာကို အိမ်ဖြူတော် မှတ်တမ်းနှင့် ဆက်စပ်ခြင်း ရှိ/မရှိ တစိတ်တပိုင်း စုံစမ်းစစ်ဆေးနေကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုဖြစ်စဉ်သည် သမ္မတဟောင်းအပေါ် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ စိစစ်မှု သိသိသာသာနှင့် မကြုံစဖူး တိုးမြှင့်လာခြင်းကို ပြသနေကြောင်း အဆိုပါ ကိစ္စရပ်နှင့် နီးစပ်သူများက ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့ကြသည်။

အဆိုပါ ခြံဝင်းအတွင်းသို့ FBI ဝင်ရောက်စီးနင်း၍ ရှာဖွေခဲ့ခြင်းနှင့် ပတ်သက်၍ ရှည်လျားလှသော ကြေညာချက် တစ်စောင် ထုတ်ပြန်၍ ဒေါ်နယ်ထရမ့်က “၎င်း၏ခြံဝင်းအတွင်း ထားရှိသော မီးခံသေတ္တာများကို FBI အာရုံစိုက်ခဲ့ကြောင်း” ပြောကြားခဲ့ သည်။

ကြိုတင် အသိပေးခြင်းမရှိဘဲ ယခုကဲ့သို့ ဝင်ရောက် စီးနင်းခဲ့ခြင်းသည် တရားဥပဒေနှင့် မညီဘဲ လွဲမှားစွာ ပြုမူခြင်းသာ ဖြစ်ကြောင်း ထရမ့်က တုံ့ပြန်ခဲ့သည်။

ဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုရိပ်သာကို စီးနင်းခဲ့တဲ့ FBI (Reuters)

မာရာလာဂိုရိပ်သာရှိ သေတ္တာဆယ်ဂဏန်းခန့်တွင် ခွဲခြားသိမ်းဆည်းထားသော စာရွက်စာတမ်းများ မည်သို့ အခြေအနေ ရှိကြောင်း FBI က ယခုနှစ် အစောပိုင်း ကတည်းက လပေါင်းများစွာကြာအောင် စုံစမ်းနေခဲ့ပြီးနောက် ဩဂုတ် ၈ ရက်နေ့ ညမှာ အပူတပြင်း ဝင်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ရလဒ်များကို လွှမ်းမိုးရန်အတွက် ထရမ့်၏ ကြိုးပမ်းခဲ့မှုများကို လုပ်ပိုင်ခွင့်ရှိသည့် ဂျူရီ လူကြီးများဖြင့် ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးနေစဉ် ယခုကဲ့သို့ FBI စီးနင်းရှာဖွေမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ထိုလုပ်ဆောင်ချက်များအပေါ် အခြေခံ၍ ထရမ့်အတွက် ဖြစ်နိုင်ခြေရှိသော ဥပဒေပိုင်းဆိုင်ရာ အရေးယူမည့် အရိပ်အယောင် ပြသလာကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသားသည်။

ထရမ့်နှင့် ၎င်း၏မဟာမိတ်များသည် ရာဇဝတ်မှုကြောင်းအရ တရားစီရင်ရေးစနစ်ကို လက်နက်သဖွယ် ဖန်တီးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီမှ ထပ်မံ၍ သမ္မတရာထူး သက်တမ်း မရအောင် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း ၎င်းတို့ ကြိုးပမ်းမှုကို အိမ်ဖြူတော်က ကြိုတင်မသိရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဗာဝေး (Christopher Wray) ကို လွန်ခဲ့သည့် ၅ နှစ်၌ ထရမ့် သမ္မတဖြစ်နေစဉ် ခန့်အပ်ခဲ့ ခြင်းဖြစ်ပြီး ၎င်းသည် ရီပတ်ဘလစ်ကန် ပါတီဝင်များ ဦးဆောင်သည့် တရားရေးဌာန၌ အဆင့်မြင့် ရာထူးတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။

ဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုရိပ်သာ (AFP)

“ဖလော်ရီဒါပြည်နယ်၊ ထန်းရိပ်ကမ်းခြေက ကျနော့်ရဲ့ လှပတဲ့အိမ်ဖြစ်တဲ့ မာရာလာဂိုရိပ်သာကို FBI အေးဂျင့်အဖွဲ့က ဝင်စီးပြီး တော့ အသိမ်းပိုက် ခံခဲ့ရတဲ့အတွက် အခုအချိန်ဟာ ကျနော်တို့နိုင်ငံအတွက် အမှောင်ကျသွားခဲ့ပါတယ်” ဟု ထရမ့်က ၎င်း၏ ကြေညာချက်ထဲတွင် ပြောကြားထားသည်။

“အရင်တုန်းက အမေရိကန်သမ္မတ တစ်ယောက်မှ ဒီလိုမျိုး မကြုံဖူးဘူး။ သက်ဆိုင်ရာအစိုးရ အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး အခုလိုမျိုး ကျနော့်အိမ် မပြောမဆိုနဲ့ ဝင်ရောက်စီးနင်းတာဟာ လုပ်စရာမလိုသလို လုပ်ဖို့လည်း မသင့်တော်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်အပေါ် ရှေနေ့ချုပ် မားရစ်ဂါလန်း (Merrick) ကို ကိုယ်တိုင်ကိုယ်ကျ ခွင့်ပြုထားခြင်း ရှိ/မရှိနှင့် စီးနင်းရှာဖွေခြင်း အပေါ် သဘောထား မှတ်ချက်ပေးရန် အေပီ သတင်းဌာန၏ တောင်းခံမှုအား အမေရိကန်တရားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒီနာအီဗာဆင် (Dena Iverson) က ငြင်းဆန်ခဲ့သည်။

Source: AP