CNI International News
ကိပ်တောင်း၊ ဇန်နဝါရီ ၁၂
တောင်အာဖရိကနိုင်ငံ၏ သမိုင်းဝင်လွှတ်တော်အဆောက်အအုံကို မီးရှို့ဖျက်ဆီးသည်ဟု အစွပ်စွဲခံထားရသည့် အိမ်ခြေရာခြေမဲ့အမျိုးသားတစ်ဦးကို ဇန်နဝါရီ ၁၁ ရက်က အကြမ်းဖက်မှုဖြင့် စွဲချက်တင်လိုက်ပြီး ၎င်း၏ အခြေအနေကို တစ်လကြာ အကဲခတ်ရန် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း အေပီသတင်းအရ သိရသည်။
အသက် ၄၉ နှစ်ရှိ ဇန်ဒီလီမာဖီးဆိုသူကို ကိပ်တောင်းမြို့ရှိ တရားရုံတစ်ရုံးတွင် အာမခံဖြင့် စစ်ဆေးကြားနာခဲ့ပြီး အကြမ်းဖက်မှုဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။ သည့်မတိုင်မီက နေအိမ်တစ်လုံးကို ခိုးယူရန် ကြံရွယ်လျက် ဖောက်ထွင်းခဲ့သည့်စွဲချက်အတင်ခံရပြီးသူ မာဖီးသည် ယခုရက်သတ္တပတ် ရုံးထုတ်စစ်ဆေးချိန်တွင် မီးရှို့မှုနှင့် ဖောက်ခွဲရေးပစ္စည်းများလက်ဝယ်ထားရှိမှုတို့ဖြင့် ထပ်မံစွဲချက်တင် ခံရသည်။
မာဖီးသည် လွှတ်တော်အဆောက်အုံထဲသို့ ဖောက်ခွဲရေးပစ္စည်းများ ပို့ဆောင်၊ နေရာချထားရန်၊ သုံးစွဲရန် (သို့မဟုတ်) ဖောက်ခွဲရန် ရည်ရွယ်ထားကြောင်း အစိုးရရှေ့နေများက အခိုင်အမာစွပ်စွဲကြသည်။
ကိပ်တောင်းရှိ လွှတ်တော်ခြံဝင်းအတွင်း ဇန်နဝါရီ ၂ ရက်အစောပိုင်းက မာဖီးလက်ချက်ကြောင့် စတင်လောင်ကျွမ်းသည်ဟုဆိုသော မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလုံးဝငြိမ်းသည်အထိ မီးသတ်သမားများက ၄ ရက်ကြာ အချိန်ယူငြှိမ်းသတ်ခဲ့ရသည်။
အဆိုပါမီးလောင်မှုကြောင့် တောင်အာဖရိကအမျိုးသားလွှတ်တော် ပင်မအဆောက်အုံပျက်စီးခဲ့ရပြီး နှစ်ပေါင်း ၁၃၀ သက်တမ်းရှိ အခြားဆက်စပ်အဆောက်အအုံများလည်း ထိခိုက်ခဲ့ရသည်။ အဆိုပါအဆောက်အအုံသည် ဗြိတိသျှကိုလိုနီခေတ် ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းမှစ၍ ဥပဒေပြုလွှတ်တော်အစည်းအဝေးများ လက်ခံကျင်းပခဲ့သည့်နေရာဖြစ်သည်။
မီးငြှိမ်းသတ်ရေးအတွက် မီးသတ်သမား ၃၀၀ တို့သည် ကရိန်းများသုံး၍ နာရီပေါင်း ၇၀ ကျော်ကြာကြိုးစားခဲ့ရသည်။ မီးလောင်မှုဖြစ်ပွားစဉ် လွှတ်တော်အားလပ်ရက်များနှင့်တိုက်ဆိုင်နေ၍ ထိခိုက်ဒဏ်ရာရမှု မရှိပေ။
မီးလောင်မှုအရွယ်အစားနှင့် ပျက်စီးမှုအတိုင်းအတာတို့က တောင်အာဖရိကဒီမိုကရေစီရပ်တည်ချက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်မှုတစ်ခုဖြစ်လာနိုင်ကြောင်း စိုးရိမ်မှုများလည်း တိုးလာခဲ့သည်။
၎င်း၏ပထမဆုံးတရားခွင်တွင် အိမ်ခြေရာမဲ့ဟု ဖော်ပြခံရသူ မာဖီးကို မီးစတင်လောင်ကျွမ်းသည့်နေ့က အခင်းဖြစ်ပွားရာနေရာ၌ ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများလည်း ၎င်းနှင့်အတူတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မီးလောင်ရသည့်အကြောင်းရင်း စုံစမ်းစစ်ဆေးမှုကို တောင်အာဖရိကရဲတပ်ဖွဲ့မှ ထင်ရှားသောရာဇဝတ်မှုများ ကိုင်တွယ်ရသည့် တပ်ဖွဲ့တစ်ဖွဲ့က လွှဲပြောင်းယူခဲ့ပြီး နောက်ထပ်ဖမ်းဆီးမှုများ ရှိနိုင်သည်ဟု သိရသည်။
မာဖီးကတော့ ၎င်းအပေါ်တင်ထားသည့် စွဲချက်များကို ငြင်းဆိုထားပြီး လွှတ်တော်ခြံဝင်း လုံခြုံရေးပျက်ကွက်မှုကို ဖုံးဖိနိုင်ရန် ၎င်းကို အသုံးချခြင်းသာဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရှေ့နေ့တစ်ဦးက ပြောသည်။
Source: AP