CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၂

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့နေလူဦးရေ၏  ၅ ပုံ ၄ ပုံခန့် မြို့ကိုစွန့်ခွာကာ တိုက်ပွဲရှောင်နေကြရကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူ ဦးနေလင်း (အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

ကယားပြည်နယ်တွင် လူဉီးရေ စုစုပေါင်း ၃ သိန်းဝန်းနေထိုင်ပြီး လွိုင်ကော်မြို့၌ လူဉီးရေ ၅၀၀၀၀ (ငါးသောင်း)ကျော် နေထိုင်လျက်ရှိကြရာ လက်ရှိမှာတော့ တိုက်ပွဲများကြောင့် လူဉီးရေ ၅ ပုံ ၄ ပုံခန့်မှာ မြို့ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင် နေကြရသည်။

၎င်းက “တော်တော်များများ ရှောင်ပြီ၊ ၅ ပုံ ၄ ပုံလောက်တောင် မကဘူးထင်ပါတယ်။ ကြည့်ရတာ ထွက်ကုန်ကြတာ။ တချို့ ရပ်ကွက်တွေ လူမှ မရှိတော့ပဲနဲ့။ မိုင်းလုံးတို့၊ ရွာတန်းရှည်တို့ ပန်ကန်းတို့ အဲရပ်ကွက်မျိုးတွေ လူမရှိသလောက်ပဲ။ မရှိတော့ ပါဘူး။ ကျန်တဲ့ ရပ်ကွက်တွေလည်း တော်တော်ကို နည်းသွားကြပြီ”ဟု ပြောသည်။

လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ခန့် စတင်၍ ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းအဖွဲ့နှင့် တပ်မ‌တော်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ပုံ-လွိုင်ကော်မြို့ခံများ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေကြစဉ်။(Shan State Red Cross)

အဆိုပါ လွိုင်ကော်တိုက်ပွဲရှောင်များသည် တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန် အပါအဝင် နီးစပ်ရာ မြို့နယ်များသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

တိုက်ပွဲရှောင်များကို ကူညီပေးနေသူ ဦးနေလင်း (အမည်လွှဲ) “အခက်အခဲတော့ ဖြစ်ကြမှာပေါ့။ လူတွေဘာမှ မလုပ်ရပဲနဲ့။ စီးပွားရေးမှ ရပေါက်၊ ရလမ်းရှိတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အကုန်လုံးနားကုန်ပြီလေ။ မြို့ထဲမှာ ရှိတဲ့ဟာတွေလည်း အကုန်လုံး ပိတ်ကုန်ပြီလေ။ ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ ဘာလုပ်ငန်းမှ မရှိတော့ဘူးပေါ့။ အကုန်လုံးရပ်ဆိုင်းသွားပြီရော။ စားဝတ်နေရေးက နောက် ၆ လအတွင်းတော့ တွေးရတာ သိပ်တော့မကောင်းဘူး”ဟု CNI သို့ ပြောသည်။

လွိုင်ကော်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး ဇန်နဝါရီ ၁၁ ရက်က လေယာဉ် (၂) စီးဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ (ဇန်နဝါရီ ၁၂) ရက် နံနက်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်မှုများ ကြားနေရကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ကယား(ကရင်နီ)ပြည်နယ်၏ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စသည့် မြို့နယ်များ အပြင် သျှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်တို့တွင် တပ်မတော်နှင့် ဒေသတွင်း အဖွဲ့အစည်းများကြားက တိုက်ပွဲများကြောင့် လူဦးရေ ၁၇၀၀၀၀ (တစ်သိန်း ခုနှစ်သောင်း)ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ-WLB) ၏ ထုတ်ပြန်ချက်အရ သိရသည်။