သီရိနာဂါ၊ ဇန်နဝါရီ ၂

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားနယ်မြေရှိ အထူးထင်ရှားသည့် ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းတွင် ဒီဇင်ဘာ ၃၁ ရက် နှစ်ကူးနေ့တွင် လူစုလူဝေး ထူထပ်များပြားလွန်း၍ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ကနဦး သတင်းများအရ ဘာသာရေး ဝတ်ပြုကိုးကွယ်သူများအကြား ခိုက်ရန်ဒေါသ ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဇန်နဝါရီ ၁ ရက် အစောပိုင်းက ဂျမူးမြို့အနီးရှိ ကက်ထရာတောင်ကုန်းရှိ မာတာဗိဿနိုးဒေဝီ (Mata Vaishnav Devi) နတ်ကွန်း၌ ဝတ်ပြု ကိုးကွယ်ရန် ဟိန္ဒူဘာသာဝင် ထောင်နှင့်ချီ၍ စုဝေးခဲ့ကြသည်။

“ဂိတ်ပေါက်တစ်ခုနားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကြတာ ကျနော် တွေ့ခဲ့ရတယ်။ ကျနော်လည်း အသက်ရှူကြပ်ပြီး လဲကျ သွားပေမယ့် တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြန်မတ်တပ်ရပ်နိုင်ခဲ့ပါတယ်” ဟု မျက်မြင်သက်သေ တစ်ဦးဖြစ်သူ မာဟက်က ပြောကြားခဲ့သည်။

“အလောင်းတွေအပေါ် လူတွေက တက်နင်းကြတာ တွေ့ခဲ့ရတယ်။ ဒါဟာ ကြောက်စရာကောင်းတဲ့ မြင်ကွင်းဖြစ်ပေမယ့် ဒဏ်ရာရတဲ့သူတွေကို ကယ်ဆယ်ရာမှာတော့ ကျနော် ကူညီနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယအာဏာပိုင်များက ထိုဖြစ်စဉ်အပေါ် လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းခဲ့ရာ လူစုလူဝေးအတွင်း လုံခြုံရေးအမိန့် ချက်ချင်း ထုတ်ပြန်နိုင်ခဲ့ကြောင်း ရဲမှူး ဒယ်လ်ဘတ်ဆင်း (Dilbag Singh) ၏ ပြောကြားချက်ကို ကိုးကားလျက် Press Trust of India သတင်းဌာနက ဖော်ပြသည်။

ပုံ- နှစ်သစ်ကူးမှာ ကက်ရှ်မီးယားက ဟိန္ဒူဘုရားကျောင်းမှာ ဘုရားဖူးလာသူများဖြင့် စည်ကားနေ။(AP)

အခင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးပြီးနောက် ၄ နာရီနီးပါးအကြာတွင် ဝတ်ပြုကိုးကွယ်မှုများ ပြန်လည်စတင်ရန် ခွင့်ပြုခဲ့ ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။

ပရီယန်ရှက်ဟုခေါ်သည့် အခြားသူတစ်ဦးကလည်း ၎င်းနှင့်အတူ နယူးဒေလီမြို့မှ သူငယ်ချင်း ၁၀ ဦးတို့သည့် နတ်ကွန်းသို့ နှစ်သစ်ကူးကာလ ဆုတောင်းရန် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ရောက်ရှိလာခဲ့ရာ သူငယ်ချင်းနှစ်ဦးမှာ လူအုပ်အနင်းခံရ၍ သေဆုံးသွားကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီက ၎င်း၏ဝမ်းနည်းကြောင်း အတိုချုပ် ဖော်ပြချက်ကို တွစ်တာ လူမှုကွန် ရက်ပေါ်သို့ လွှင့်တင်ခဲ့သည်။

“လူအုပ်ကြီးကြောင့် အသက်ဆုံးရှုံးရမှုတွေ ရှိခဲ့တဲ့အတွက် အင်မတန်ဝမ်းနည်းမိပါတယ်” ဟု မိုဒီက ရေးသားထားသည်။

အိန္ဒိယမြောက်ပိုင်းတွင် လာရောက်လည်ပတ်သူ အများဆုံးဖြစ်သည့် နတ်ကွန်းများထဲမှ တစ်ခုဖြစ်သော အဆိုပါ တောင်ထိပ် နေရာသို့ ဘာသာရေးကိုင်းရှိုင်းသူများ မကြာခဏ ခြေ လျင်ခရီးဖြင့် ပူဇော်လေ့ရှိကြသည်။

အိန္ဒိယဘာသာရေး ပွဲတော်များအတွင်း လူအုပ်ထူထပ်လွန်းသဖြင့် လူအသေအပျောက် များပြားမှုများ အဖြစ်များတတ်သည်။

၂၀၁၃ ခုနှစ်ကလည်း မာဒရာပရာဒတ်ပြည်နယ် အလယ်ပိုင်း၌ နာမည်ကြီး ဟိန္ဒူဘာသာရေး ပွဲတော်တစ်ခုအတွင်း လာ ရောက် ပူဇော်ပသသူများ တံတားပြိုကျမည့် အန္တရာယ်စိုးရိမ်ကြသဖြင့် အချင်းချင်းတိုးဝှေ့ရင်း နင်းမိကြရာ အနည်းဆုံး လူ ၁၁၅ ဦး တံတားပေါ်မှ အောက်ဘက်ရှိ မြစ်တစ်စင်းထဲသို့ ပြုတ်ကျသေဆုံးသည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။

 

Source: AP