CNI News
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁
ငြိမ်းချမ်းရေးအတွက် ခြေလှမးသစ်များ စရမည်ဖြစ်သည့်အတွက် သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇန်နဝါရီ ၁ ရက်) နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောသွားသည်။
၂၀၂၂ ခုနှစ်သည် အရေးပါသည့် နှစ်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် စိန်ရတုပြည်ထောင်စုနေဖြစ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ယခုနှစ်သည် စိန်ရတုအကြိုကာလဖြစ်ကြောင်း ၊ ထို့ကြောင့် ၇၅ နှစ်တာ ကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရန် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံရန် အရေးကြီးပါသည်ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျနော်တို့ရဲ့ ရှေ့ လုပ်ငန်းစဉ် ၅ ရပ်နဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးငြိမ်းချမ်းရေး အတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
ထို့နောက် ၂၀၂၂ ခုနှစ်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စည်ပင်သာယာဝပြောရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာစေရေးတို့ အတွက် အစိုးရအနေနှင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါသည်ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ရှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်သည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန်ပအဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့က ညှိနှိုင်းဆွေးနွေးနေဆဲ အဖွဲ့အစည်းများဖြစ်ကြသည်။
လက်ရှိတွင် NCA ထိုးထားသည့် ၁၀ ဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲကြောင့် နိုင်ငံရေးဆွေးနွေးမှုများ ကို ယာယီ ၁ နှစ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့နောက် UWSA၊ NDAA၊ SSPP၊ AA၊ TNLA၊ MNDAA တို့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင် မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ ဒီဇင်ဘာ ၁၅ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ သေးသည်။