CNI News

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁

အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် အခြားသောဘဝတူ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တခြားသော အင်အားစုများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) ယနေ့ (ဇန်နဝါရီ ၁ ရက်)တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)သည် (၁၄)ကြိမ်မြောက် ပါတီကွန်ဂရက် အစည်းအဝေးကို ဒီဇင်ဘာ ၂၇ ရက် မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပြီးနောက် ယခုလို ထုတ်ပြန် ကြေ ညာ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပါတီကွန်ဂရက်တွင် (၁၃)ကြိမ်မြောက်ပါတီကွန်ဂရက် သက်တမ်း(၄) နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် ပါတီနှင့် အစိုးရ၏ လုပ်ငန်းအစီရင်ခံစာများ၊ ကြားကာလဖွဲ့စည်းခဲ့သည့် ပါတီရေးရာကော်မတီနှင့် ကရင်နီပြည်အစိုးရဌာနဆိုင်ရာ အစီရင်ခံစာများအား တင်သွင်းအတည်ပြုခြင်း၊ ပါတီ၏ အခြေခံမူ လမ်းစဉ်နှင့် ဖွဲ့စည်းပုံဥပဒေ၊ ကရင်နီပြည်အစိုးရ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံ နည်းဥပဒေများကို သုံးသတ်ပြင်ဆင်ခြင်းများအပြင် ရှေ့လုပ်ငန်းစဉ်များအားလည်း ချမှတ်ဆွေးနွေးခဲ့ကြ သည်ဟု KNPP ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပုံ-၂၀၁၇ ခုနှစ်၊ မေလက KNPP ၏ (၁၃)ကြိမ်မြောက် ပါတီကွန်ဂရက် ကျင်းပနေစဉ်

KNPP က “ပါတီကွန်ဂရက်မှ ကြားကာလတွင် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် အခြားသော ဘဝတူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်ရေးအတွက်လည်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံအတွင်း အခြားသော အင်အားစုများ နှင့် အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးချမှတ်ခဲ့ပါသည်”ဟု ပြောသည်။

ထို့အပြင် ကရင်နီပြည်အတွင်း နစက၏ ကရင်နီလူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေး မှတ်တမ်းပြုစုပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှု လုပ်ငန်းမျးကို ချမှတ် အကောင်အထည်ဖော် ဆောင်သွားရန်အတွက် ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ခဲ့သည်ဟု KNPP က ပြောသည်။

KNPP သည် (၁၄) ကြိမ်မြောက် ပါတီကွန်ဂရက်ကို ဒီဇင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ခူဦးရယ်ကို ဥက္ကဋ္ဌ(ယခင်က ဒုဥက္ကဋ္ဌဖြစ်သည်) အဖြစ် ရွေးချယ်တင်မြောက်ခဲ့ပြီး အေဘယ်တွိဒ် (ယခင်က ဥက္ကဋ္ဌဖြစ်သည်) အား ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ထို့နောက် ခူပလူးရယ် အထွေထွေအတွင်းရေးမှူး၊ ခူဒယ်နီယာ အတွင်းရေးမှူး(၁)၊ အောင်ဆန်းမြင့် အတွင်းရေးမှူး(၂) တို့ အဖြစ် အသီးသီး ရွေးချယ်တင်မြောက်ခံခဲ့ရသလို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် စောခဲလေ၊ ခူတော်ရယ် (အက်စ်)၊ ခူညေးရယ်၊ စောလုသာသန်း တို့ကို ရွေးချယ်တင်မြောက်ခဲ့သည်။