CNI International News

ဖနွမ်းပင်၊ ဒီဇင်ဘာ ၃၁

အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP)၏ အနာဂတ် ဝန်ကြီးချုပ်လောင်းအဖြစ် မကြာသေးမီက ကြေညာခြင်းခံခဲ့ရသူ ဟွန်မာနက်သည် အတိုက်အခံ ခေါင်းဆောင်ဟောင်း ဆမ်ရိန်းစီကို လာမည့်ရွေးကောက်ပွဲတွင် ၎င်း၏နေရာ ဆက်ခံမည့်သူ ရွေးချယ်ရန် ရဲရဲတင်းတင်း တောင်းဆိုလိုက်ကြောင်း ဖနွမ်ပင်ပို့စ်ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။

ဟွန်မာနက်သည် လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်၏သားကြီးဖြစ်ပြီး ကမ္ဘောဒီးယားစစ်တပ်တွင် ထိပ်တန်း ရာထူးယူထားသူ လည်း ဖြစ်သည်။

ဖျက်သိမ်းခံထားရသည့် ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ (CNRP)၏ ဥက္ကဋ္ဌဟောင်း ရိန်းစီအနေဖြင့် သတ္တိရှိပြီး စစ်မှန်သည့် နိုင်ငံရေးဆန္ဒရှိသင့်ကြောင်း ဟွန်မာနက်က တိုက်တွန်းခဲ့သည်။

အမေရိကန်၊ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှ ဟွန်မာနက် ရရှိခဲ့သော ဘွဲ့၏ တရားဝင်မှုနှင့်ပတ်သက်၍ လောင်းကြေးထပ်ရန် ရိန်းစီ နှင့် ဟွန်မာနက်တို့ အငြင်းပွားခဲ့ကြပြီးနောက် ယခု ကဲ့သို့ စိန်ခေါ်မှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ကမ္ဘောဒီးယားတော်ဝင်တပ်မတော်(RCAF)၏ ဒုတိယစစ်ဦးစီးချုပ်အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဟွန်မာနက်၏ အဆိုအရ ရိန်းစီသည် အချိန် ၃ နာရီအတွင်း စိန်ခေါ်မှုကို တုံ့ပြန်ခဲ့ပြီး လောင်းကြေးထပ်ရန် လက်မခံဘဲ ကလေးဆန်စွာ ပြုမူ နေကြောင်း သိရသည်။

“မျိုးဆက်သစ် လူငယ်တစ်ယောက်ဖြစ်တဲ့ ကျနော့်ကို စိန်ခေါ်ဖို့ ကြောက်နေမယ်ဆိုရင် ခင်ဗျားရဲ့အမွေကို ဆက်ခံမယ့် လူငယ် တွေနဲ့ ကျနော်တို့ CPP ပါတီလူငယ်တွေ ယှဉ်ပြိုင်ကြဖို့ သတ္တိရှိသင့်တယ်”ဟု ဟွန်မာနက်က ဒီဇင်ဘာ ၃၀ ရက်တွင် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားလွှင့်တင်ခဲ့သည်။

“သူက အခုအသက်ကြီးနေပြီမို့ အနားယူဖို့ လိုနေပြီထင်တယ်။ ဒါပေမယ့် အာဏာရဖို့ သူ့ရဲ့ ရည်မှန်းချက်တွေကို ဘယ်တော့မှ လက်လွတ်မခံဘဲ မျိုးဆက်သစ် ခေါင်းဆောင်တွေကို တိုးတက်ဖို့ အခွင့်အရေး ပေးရမှာဖြစ်တယ်” ဟု ဟွန်မာနက်က ဆက် လက် ရေးသားခဲ့သည်။

ပုံ-ရိန်းစီကိုတွေ့ရစဉ်။

ဒီဇင်ဘာ ၂၅ ရက်က ရိန်းစီနှင့် လွတ်လပ်သောအာရှအသံ (RFA) တို့ တွေ့ဆုံမေးမြန်းခန်းတွင် ရိန်းစီက “အတိုက်အခံပါတီ တစ်ခုရဲ့ ခေါင်းဆောင်အဖြစ် ဆက်ခံပြီး ကိုယ်စားလှယ်လောင်း အရွေးခံနိုင်တဲ့ အရည်အချင်းပြည့်မီတဲ့ လူငယ်တွေ အများ ကြီး ရှိပါတယ်”ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

အကယ်၍ ရိန်းစီသည် ၎င်း၏ဖခင် ဝန်ကြီးချုပ် ဟွန်ဆန်ကဲ့သို့ နိုင်ငံရေးအရည်အသွေး တူညီသည်ဆိုလျှင် CPP နှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် ကိုယ်စားလှယ်လောင်း အသစ်ကို သေချာပေါက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဟွန်မာနက်က ဆက်လက် ပြောကြားခဲ့သည်။

RFA နှင့် တွေ့ဆုံခန်းတွင် ရိန်းစီကတော့ ၎င်း၏ နိုင်ငံရေးလှုပ်ရှားမှုကို ဆက်ခံမယ့် လူငယ်များကို ပြင်ဆင်ထားပြီး ဖြစ်သော် လည်း တရားဝင် ကိုယ်စားလှယ်လောင်းကို မရွေးချယ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။ နိုင်ငံရေး ထက်မြက်သူများနှင့် အလုပ်ကို ပိုကောင်းအောင် လုပ်နိုင်သည့် အရည်အချင်းရှိသူများကို ခွဲခြားသတ်မှတ်ထားကြောင်း ရိန်းစီက ရှင်းပြခဲ့သည်။

၎င်းက “CNRP ထဲမှာတင်မဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းတွေမှာတောင် ပညာတတ်လူငယ်တွေ အများကြီးရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီကျောင်းမှ နိုင်ငံရေးသိပ္ပံပါမောက္ခ အမ်ဆူဗားရာက “ဟွန်မာနက်နှင့် ရိန်းစီတို့အကြား အငြင်းပွားမှုသည် ၎င်းတို့ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်ပြီး နိုင်ငံအတွက် အကျိုးမရှိကြောင်း” ဒီဇင်ဘာ ၃၀ ရက်၌ ဖနွမ်းပင်ပို့စ်သို့ သဘောထားမှတ်ချက်ပေးခဲ့သည်။

Source: Phnom Penh Post