ဒမတ်စကတ်၊ ဒီဇင်ဘာ ၃၁

ဘာရိန်းနိုင်ငံသည် ဆီးရီးယားပဋိပက္ခ အစောပိုင်းကာလ၌ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချ ခဲ့ပြီးနောက် ယခုတဖန် ဒမတ်စကက်ထံသို့ ၎င်း၏ပထမဆုံးသံအမတ်ကို ခန့်အပ်စေလွှတ်လိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်အရ သိရသည်။

ဘာရိန်းနိုင်ငံပိုင် BNA သတင်းအေဂျင်စီက ဒီဇင်ဘာ ၃၀ ရက်၌ ဖော်ပြထားသော သတင်းတွင် “သံအမတ် ဝါဟိမူဘာရတ်ဆေယာခန့်အပ်မှုသည် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်နှင့် ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည့် အာရပ်နိုင်ငံအရေအတွက် တိုးလာခြင်း၏တစိတ်တပိုင်းဖြစ်ကြောင်း” ထည့်သွင်းဖော်ပြခဲ့ သည်။

စစ်ပွဲဦးတည်စေခဲ့သည့် ၂၀၁၁ ခုနှစ် ဆန္ဒပြပွဲများကို ဆီးရီးယားအစိုးရက အင်အားသုံးနှိမ်နင်းပြီးနောက် ဒမတ် စကက်မြို့တော်သို့ စေလွှတ်ထားသော ၎င်းတို့၏သံတမန်များကို ပင်လယ်ကွေ့ဒေသရှိ အာရပ်နိုင်ငံ အတော် များများက အဆင့်နှိမ့်ချခြင်း (သို့မဟုတ်) ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဘာရိန်းက “ဒမတ်စကက်မြို့ရှိ ၎င်းတို့သံရုံးနှင့် ဘာရိန်းနိုင်ငံ၊ မာနာမာမြို့ရှိ ဆီးရီးယားသံတမန်များ ပုံမှန် လည်ပတ်နေကြောင်း”ပြောကြားခဲ့သည်။

Photo - AP

၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ဒမတ်စကတ်မြို့သို့ ၎င်းတို့သံတမန်မစ်ရှင် ပြန်လည်ထားရှိခဲ့သည့် အာရပ် စော်ဘွား များပြည်ထောင်စု(ယူအေအီး)နိုင်ငံကလည်း ပြီးခဲ့သည့်လ၌ ၎င်းတို့နိုင်ငံခြားရေးဝန်ကြီးကို ဆီးရီးယား သမ္မတ အာဆတ်နှင့်တွေ့ဆုံရန် ဒမတ်စကက်မြို့သို့ စေလွှတ်ခဲ့သည်။ ထို့ပြင် ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်တွင် ပြန်လည် ပါဝင်ရန် ယူအေအီးက လက်ခံခဲ့သည်။

ဆီးရီးယားစစ်တပ်သည် ရုရှားနှင့်အီရန်အကူအညီများဖြင့် အရေးပါသည့် စစ်ဆင်ရေးအောင်ပွဲများ ဆက်တိုက် ရရှိပြီးနောက် အဘူဒါဘီက ဒမတ်စကက်နှင့် ပြန်လည်ထိတွေ့ဆက် ဆံလာခဲ့ခြင်းဖြစ်သည်။

ယူအေအီးသည် ဆီးရီးယားသူပုန်များကို ကျောထောက်နောက်ခံပေးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းသို့သော နိုင်ငံများထဲတွင် ဒမတ်စကက်နှင့် ဆက်ဆံရေးပြန်လည်မစတင်သေးသည့် ဆော်ဒီအာရေဗျနှင့် ကာတာတို့လည်း ပါဝင်သည်။

အိုမန်နိုင်ငံကလည်း ပြီးခဲ့သည့်နှစ်တွင် ဆီးရီးယားဆိုင်ရာ သံတမန်တစ်ဦးကို ပြန်လည်ခန့်အပ်သည့် ပထမဆုံး ပင်လယ်ကွေ့နိုင်ငံဖြစ်လာခဲ့သည်။

Source: Aljazeera