၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)သည် တစ်ဖက်နှင့်တစ်ဖက် အကျပ်ကိုင် ခြိမ်းခြောက် သည့် စာချုပ်မဟုတ်ဘူးဟု အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို အလေးထား လိုက်နာကြရန် စာချုပ်ပါ စည်းကမ်းများကို ကျူးလွန်ချိုးဖောက်ပါက လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ဆောင် ရွက်ချက်များကို ဆောင်ရွက်သွားမည်ဟု နစက-က ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ခွန်မြင့်ထွန်းက “ကျနော်တို့ကတော့ ဒီ NCA ဆိုတာက Join Ownership ဖြစ်ပါတယ်။ Join Ownership ပေါ့နော်။ နှစ်ဖက်က ပိုင်ဆိုင်တဲ့ စာချုပ်ဖြစ်ပါတယ်။ NCA စာချုပ်ဆိုတာ ဗမာပြည်သမိုင်းမှာ ပြောရမယ်ဆိုရင်တော့ တစ်ယောက်ကို တစ် ယောက်ပေါ့။ တစ်ဖက်နဲ့တစ်ဖက် လည်ပင်းမညစ်ပဲနဲ့ အကျပ်ကိုင်တာ ခြိမ်းခြောက်တာ မဟုတ်ပဲနဲ့အကျေအလည်ညှိနှိုင်း ဆွေးနွေးတဲ့ စာချုပ်ဖြစ်ပါတယ်။ ဗမာပြည်သမိုင်းမှာ နှစ်ခုရှိပါတယ်။ တစ်ခုက လွတ်လပ်ရေးမတိုင်ခင်က ရရှိခဲ့တဲ့ ပင်လုံ စာချုပ်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ လွတ် လပ်ရေးရပြီး နှစ် (၇၀) ကျော်ကြာမှရတဲ့ NCA စာချုပ်ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။
ထိုစာချုပ်နှစ်ခုမှာ အကျေအလည် ဆွေးနွေးပြီး ရရှိခဲ့သည့် စာချုပ်ဖြစ်၍ တစ်ဖက်နှင့်တစ်ဖက် အကျပ်ကိုင်သည့် စာချုပ် မဟုတ်ဟု ၎င်းက ပြောသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများတွင် “နိုင်ငံတော်နှင့် ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင် ရွက်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နစက၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ငန်းအဖြစ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံ- ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်နေ့က NCA စာချုပ်လက်မှတ်ရေးထိုးခြင်း သတင်းစာရှင်းလင်းပွဲမှာတွေ့ရသည့် ခွန်မြင့်ထွန်းကိုတွေ့ရစဉ်။ ( Photo - CNI )
ခွန်မြင့်ထွန်းက “NCA အတိုင်း အကောင်အထည်ဖော်ဖို့ကတော့ ကျနော်တို့ စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့ အချိန်က စ ပြီးတော့ အကောင်အထည်ဖော်ဖို့ အင်မတန် အားနည်းသွားပြီဆိုပြီး သဘောထား ရှိပါတယ်။ ဒါတစ်ခုပေါ့နော်။ နိုင်ငံရေး ဆွေးနွေးတဲ့အပိုင်း၊ နောက်တစ်ခုကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ အရပ်သားကာကွယ်ပေးခြင်းကိစ္စနဲ့ ပတ်သက်ရင်တော့ ဒီ NCA ရဲ့ အနှစ်သာရကို ရယူထားတာကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရ မယ်ဆို တဲ့ဟာကို နှစ်ဖက်သဘောတူထားပါတယ်”ဟု CNI သို့ ပြောသည်။
ပြည်သူလူထုအပေါ် တပ်မတော်၏ တိုက်ခိုက်မှုများသည် ကုသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများပါ တုန်လှုပ်မှု ဖြစ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။
တပ်မတော်က ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူ လက်မှတ်ရေးထိုး ခဲ့သည့် NCA သဘောတူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်း တိုးမြှင့်ထားသည်ဟု နစက-က ပြောသည်
လက်ရှိ NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ် သည်။