ဝယ်လ်မင်တန်၊ ဒီဇင်ဘာ ၃၁
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်နိုင်ကြောင်း” ပြောကြားခဲ့ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်က “အကယ်၍ ယူကရိန်းအပေါ် စစ်ရေးအရ အရေးယူကိုင်တွယ်မှု ထပ်မံ လုပ် ဆောင်ပါက အမေရိကန်၏လုပ်ရပ်သည် နိုင်ငံအချင်းချင်း ဆက်ဆံရေး လုံးဝပြိုကွဲသွားစေနိုင်ကြောင်း” ဒီဇင်ဘာ ၃၀ ရက်တွင် တုံ့ပြန်သတိပေးခဲ့သည်။
ယူကရိန်းနိုင်ငံအနီး ရုရှားတပ်များ တိုးချဲ့ဖြန့်ကြက်ခြင်းနှင့်ပတ်သက်၍ သတိပေးသံများ ကျယ်လောင်လာချိန်တွင် အဆိုပါခေါင်းဆောင်နှစ်ဦးတို့သည် တစ်နာရီနီးပါးကြာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း အေပီသတင်း ဌာနက ရေးသားဖော်ပြသည်။
ကရင်မလင်သည် နယ်စပ်လုံခြုံရေးအာမခံချက်အပေါ် ၎င်း၏တောင်းဆိုချက်များ အခိုင်အမာပြသရန်အတွက် အသံထက်မြန်သော ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ရာ အကျပ် အတည်းမှာ ပိုမိုဆိုးရွားလာခဲ့သည်။
ဘိုင်ဒန်နှင့်ပူတင်တို့ တယ်လီဖုန်းခေါ်ဆိုမှုအပြီးတွင် ပူတင်၏နိုင်ငံခြားရေးဆိုင်ရာအကြံပေး ယူရီအူရှာကော့ဗ် (Yuri Ushakov) က “နောက်ထပ်အမေရိကန်ပိတ်ဆို့အရေးယူမှုများသည် မလိုလားအပ်သောအကျိုးဆက်များ ဖြစ်ပေါ်စေဖို့ ကြီးမားသည့်အမှားတစ်ခုဖြစ်လာမည်” ဟု မော်စကိုမြို့တွင် သတင်းထောက်များကို အနှစ်ချုပ် ပြောကြားခဲ့သည်။
အကယ်၍ ထိုးစစ်ဆင်နိုင်သည့် လက်နက်များ အမေရိကန်နယ်စပ်အနီး လာချထားခြင်းကို အမေရိကန် လိုလား သည်ဟုဆိုလျှင် ရုရှားက လာချထားမည်ဖြစ်ကြောင်း ပူတင်က ဘိုင်ဒန်သို့ ပြောကြားခဲ့ကြောင်း ယူရီအူရှာကော့ဗ် က သတင်းထောက်များကို ရှင်းပြခဲ့သည်။
Photo-AP
နှစ်ဘက်စလုံးက အဓိပ္ပါယ်ပြည့်ဝသည့် တိုးတက်မှုကို ဖော်ဆောင်နိုင်သော်လည်း ဖြေရှင်း၍မရနိုင်သည့် ကွဲပြား ခြားနားမှုများလည်း ရှိနေကြောင်း ခေါင်းဆောင်များက လက်ခံကြသည်ဟု ၎င်းတို့နှစ်ဦး တယ်လီဖုန်း ခေါ်ဆိုမှု အပြီးတွင် အိမ်ဖြူတော်တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
“ယူကရိန်းနဲ့ တင်းမာမှု အရှိန်လျှော့ချပါလို့ ဘိုင်ဒန်က တိုက်တွန်းခဲ့ပါတယ်။ နောက်ပြီး ယူကရိန်းကို ရုရှား ထပ် ကျူးကျော်ရင် အမေရိကန်နဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေက ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့လည်း ပြောလိုက်ပါတယ်” ဟု အိမ်ဖြူတော်သတင်းပြန်ကြားရေးတာဝန်ခံ ဂျန်ဆာကီ (Jen Psaki) က ရှင်းပြခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် လာမည့်နှစ်ဆန်းပိုင်း ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ အမေရိကန်နှင့်ရုရှား အကြီးတန်းအစိုးရအရာရှိများအကြား စီစဉ်ထားသည့် ဆွေးနွေးပွဲမတိုင်မီ ယခုကဲ့သို့ ခေါင်းဆောင်နှစ်ဦးတို့ ဒုတိယ မြောက်ဖုန်းခေါ်ဆိုမှု ပြုကြရန် ပူတင်က တောင်းဆိုခဲ့သည်။
အဆိုပါဂျနီဗာဆွေးနွေးပွဲတွင် ဇန်နဝါရီ ၁၂ ရက်၌ ရုရှား-နေတိုးကောင်စီအစည်းအဝေးကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်၌ ဥရောပလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် ဗီယင်နာညှိနှိုင်းချက်များ နှီးနှောတိုင်ပင်ကြရန် ရှိသည်။
ဒီဇင်ဘာ ၃၀ ရက် ဖုန်းခေါ်ဆိုမှုသည် မော်စကိုမြို့တွင် သန်းခေါင်ယံအချိန်ဖြစ်ပြီး မိနစ် ၅၀ ကြာမြင့်ခဲ့ကြောင်း အိမ်ဖြူတော်က ပြောသည်။
ယခုအခါ အင်အားကြီးနှစ်နိုင်ငံတို့သည် သံတမန်ရေး (သို့မဟုတ်) အမေရိကန်၏ပိတ်ဆို့အရေးယူမှုမှတစ်ဆင့် အဟန့်အတားဖြစ်နိုင်သည့် လမ်းကြောင်းနှစ်သွယ်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပူတင်ကို ပြောကြား ခဲ့သည်ဟု အမေရိကန်အကြီးတန်းအရာရှိတစ်ဦး၏အဆိုအရ သိရသည်။
Source: AP