၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့် ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၃၀ ရက်က ကျင်းပသည့် အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့သည်။
မိမိတို့ တာဝန်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အား ပြန်လည် ဖွဲ့စည်း ခြင်း၊ မဲစာရင်းများအား ပြန်လည်စိစစ်ခြင်း၊ တာဝန်ရှိသူများအား ဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်ခဲ့ရာ အတိုင်း အတာ တစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။
ထို့နောက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အမြဲတမ်း ဖိတ်ခေါ်ဆောင် ရွက် လျက်ရှိကြောင်း၊ ယခုအခါတွင် ညှိနှိုင်းမှုများကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိမည်ဟု မျှော်လင့်ကြောင်း နစကဥက္ကဋ္ဌက ပြော သည်။
၎င်းက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာ များ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့် ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးရန် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများ အားလုံးအဆင်ပြေ ချောမွေ့စေရန် ပြည်သူများ ၏ ပူးပေါင်း ဆောင်ရွက်မှုများ၊ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများအပေါ်တွင် များစွာမူတည်ပြီး မိမိတို့ အစိုးရတစ်ဖွဲ့တည်းအနေ ဖြင့် ဆောင်ရွက်မရဘူး”ဟု ပြောသည်။
ပုံ- NLD ပါတီထောက်ခံသူများကိုတွေ့ရစဉ်။(Ye Aung Thu)
ထို့နောက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ ပထမအချက်မှ စတုတ္ထအချက်အထိ လုပ်ငန်းစဉ်များသည် နောက်ဆုံးလုပ်ငန်းစဉ် ချော မွေ့ စွာဖြင့် အောင်မြင်စေရေးအတွက် လမ်းခင်းပေးထားခြင်းဖြစ်သဖြင့် အဆိုပါ လုပ်ငန်းစဉ်လေးရပ်အား ထိခိုက်အောင် ဆောင်ရွက်မည်ဆိုပါက နောက်ဆုံးလုပ်ငန်းစဉ်အတွက် အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ လက်ရှိ အခြေ အနေတွင် မိမိတို့ အနေဖြင့် မူဝါဒများ ပြောင်းလဲမည် မဟုတ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “အခုတိုင်းကတော့ ကျနော်ထင်တယ်၊ NLD ပြန်ပါ မပါဆိုတဲ့အပေါ်မှာ အများကြီး မူတည်လိမ့်မယ်ထင်တယ်။ သူတို့ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကတော့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ နစကက သူ့ တာဝန်ပြီးဆုံးတဲ့အခါ ၂ နှစ် ပြည့် တော့ ပြန်အပ်တဲ့အခါ သူက ၆ လအတွင်းလုပ်တယ်ဆိုတော့ အခြေခံဥပဒေနဲ့အညီ လုပ် တာပေါ့လေ။ ဒါပေမယ့် ဒီ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ယုံကြည်မှုရှိမရှိ ဘာညာဆိုတာက NLD က ပြန်ပြီးတော့ ပါဝင် မလား မပါဝင်ဘူးလား ဆိုတဲ့အပေါ်မှာ အများကြီးဆိုင်လိမ့်မယ်။ တကယ်လို့ NLD က မပါဝင်ဘူး၊ ဒါမှမဟုတ် NLD က ဖျက် သိမ်းခံရမယ်၊ NLD က သပိတ်မှောက်မယ် စသည်သဖြင့် တစ်ခုခု အဲလို နိုင်ငံရေး အခြေအနေမျိုး ရှိတယ်ဆိုရင်တော့ ရွေး ကောက်ပွဲမှာ မဲလာထည့်တဲ့ ပြည်သူလူထုလည်း နည်းလိမ့်မယ်လို့ ထင်တယ်”ဟု ပြောသည်။
လက်ရှိတွင် နစကနှင့် NUG ကြား အုပ်ချုပ်ရေးအာဏာ ရယူနိုင်ရေး အားပြိုင်လျက်ရှိနေသလို နွေဦးတော်လှန်ရေးကနေ တဆင့် လက်နက်ကိုင်ပဋိပက္ခများလည်း ဖြစ်ပွားနေခြင်းကြောင့် တည်ငြိမ်သော ရွေးကောက်ပွဲအသစ် ပြန်လုပ်ရန်မလွယ် ကူကြောင်း နိုင်ငံရေးလေ့လာသုံးသပ်များက ဆိုကြသည်။
နစကဥက္ကဋ္ဌကတော့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲအသစ် ပြန်လည် ကျင်းပပေးသွားမည်ဟု ပြောထားသည်။