CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ အနေဖြင့် စာချုပ်ပါ ကတိကဝတ်များကို အလေးထားလိုက်နာကြရန် စာချုပ်ပါ စည်းကမ်းများကို ကျူးလွန် ချိုးဖောက်ပါက လိုအပ်သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဟု နစက-က ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) ထုတ်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် သဘောတူ လက်မှတ် ရေး ထိုးခဲ့သည့် NCA သဘောတူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်ထားပြီး ဖြစ်ကြောင်း နစက-က ပြောသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေး ပွဲများနှင့် အခမ်းအနားများ၌ နိုင်ငံတော်နှင့်ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာ တွင် တပ်မတော်အနေဖြင့် NCA ပါအတိုင်း တိကျစွာ လိုက်နာသွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ပြီးဖြစ်သည်ဟု  နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထို့ပြင် နစက၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ချမှတ် ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖောင်ဆောင်မှု ဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော် ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများဖွဲ့စည်း ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လျင်မြန်လွယ်ကူထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့် လှစ် ပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

နစက-က “NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်ပါ ကတိကဝတ် များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မိမိ လက်အောက်ခံ အဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါ စည်း ကမ်းများ လိုက်နာစေရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါ စည်းကမ်းများကို ကျူးလွန်ချိုးဖောက်မှုများ နှင့် ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆောင်ရွက် သွားမည်”ဟု ပြောသည်။

လက်ရှိ NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်သည်။

KNU တပ်မဟာ အချို့သည် စစ်သင်တန်းများပေးနေသလို လက်နက်/ခဲယမ်းများ ပြည်တွင်းသို့ ဝင်ရောက်ရေး ကူညီပံ့ပိုး ပေးနေသည်ဟု နစက-က စွပ်စွဲထားသည်။ အလားတူ CNF သည်လည်း PDF များကို စစ်သင်တန်းပေးခြင်းနှင့် ပူးတွဲ တိုက် ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းများက ဖော်ပြထားကြသည်။

လက်ရှိတွင်လည်း ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။ ထို့ပြင် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များကလည်း နိုင်ငံရေးဆွေးနွေးမှုများကို ယာယီ ၁ နှစ် ရပ်ဆိုင်းထားမည်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာထားသည်။