CNI International News

ပြုံယမ်း၊ ဒီဇင်ဘာ ၃၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် အာဏာရ အလုပ်သမားပါတီ အစည်းအဝေးတွင် မိန့်ခွန်းပြောခဲ့ရာမှာ ၎င်း၏ ကိုယ်အလေးချိန်မှာ သိသိသာသာ ကျဆင်းသွားပုံရကြောင်း rt.com က ရေးသားဖော်ပြသည်။

မကြာသေးမီလများအတွင်း အစားအသောက် လျှော့စားခြင်းကြောင့် ကင်မ်၏ကိုယ်လုံးကိုယ်ထည်မှာ သိသာစွာ ကျဆင်းသွားခဲ့သည်။

၎င်းသည် ယခုသီတင်းပတ်၌ ကွန်မြူနစ်အစိုးရ၏ တစ်ပါတီတည်းဖြစ်သော အာဏာရ အလုပ်သမားပါတီ၏ မျက်နှာစုံညီ အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် (သို့မဟုတ်) တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ဆက်စပ်သည့် အဓိက မူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ကင်မ်ဂျုံအန်းက ယင်းကဲ့သို့ အစည်းအဝေးမျိုးကို မကြာခဏ ခေါ်ယူကျင်းပစေ လေ့ရှိသည်။

သို့သော် ယခုနှစ်ကုန်ပိုင်း အစည်းအဝေးတွင် ကင်မ်က “ကျနော်တို့ပါတီနဲ့ ပြည်သူတွေအတွက် တိုက်ပွဲဆက်ဝင်ဖို့ နောက် တစ်ဆင့် လမ်းညွှန်သွားမှာဖြစ်ပါတယ်” ဟု မိန့်ခွန်းပြောခဲ့ခြင်းဖြင့် မရေရာသော ပန်းတိုင်တစ်ခုကို ရည်မှန်းထားဟန်ရှိ ကြောင်း မြောက်ကိုရီးယား တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားလျက် rt.com က ဆက်လက် ရေးသားထားသည်။

ပုံ- ကင်မ်ဂျုံအန်းကိုတွေ့ရစဉ်။(KCNA)

ဒီဇင်ဘာ ၂၇ ရက်၌ အစည်းအဝေး စတင်စဉ်ကတည်းက ယခုသတင်းရေးသားချိန်အထိ  ကင်မ်သည် အများသိစေရန် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသော် လည်း ၎င်း၏ နောက်ဆုံးဓါတ်ပုံများတွင် ကိုယ်အလေးချိန် အလျင်အမြန် ကျဆင်းသွားကြောင်း တွေ့ရသဖြင့် လူအများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။

ကင်မ်၏ အရပ်မှာ ၅ ပေ ၆ လက်မခန့် (၁၇၀ စင်တီမီတာ) နှင့် တစ်ချိန်က ကိုယ်အလေးချိန်မှာ ၂၈၆ ပေါင်ခန့် (၁၃၀ ကီလိုဂရမ်) ရှိလိမ့်မည်ဟု တောင်ကိုရီးယားက ခန့်မှန်းတွက် ချက်ခဲ့ပြီး ခန္ဓာကိုယ် အလေးချိန်စကေး BMI (Body Mass Index) အရ အဝလွန်သူအဖြစ် သတ်မှတ်ခံရသည်။

သို့သော်လည်း ကင်မ်ဂျုံအန်းသည် ယခုနှစ် အစောပိုင်းကတည်းက ကိုယ်အလေးချိန် ဆက်တိုက် ကျဆင်းနေခဲ့ရာ ပြီးခဲ့သည့် ဇွန်လတွင် မြောက်ကိုရီးယားအစိုးရအာဘော် မီဒီယာက ၎င်း၏ ကိုယ်အလေးချိန် လျော့ကျမှုမှာ နိုင်ငံတော်အပေါ် စိတ် မကောင်းဖြစ်၍ ကြုံလှီသွားရခြင်းဖြစ်ကြောင်း သတင်းဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ဆိုးဝါးသော ရေကြီးရေလျှံမှုများ၊ ထောက်ပံ့ပို့ဆောင်ရေး ပြဿနာများသည် မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်ပေါ်စေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး တရုတ်က မြောက်ကိုရီးယားနှင့် နယ်စပ်ကို ပိတ်လိုက်ခြင်းကြောင့် ပြည်တွင်းပြဿနာများ ပိုမိုကြီးထွားလာခဲ့သည်။

ပြည်တွင်းရေး ကိစ္စများနှင့်ပတ်သက်၍ တင်းကြပ်စွာ နှုတ်ဆိတ်နေလေ့ရှိသော မြောက်ကိုရီးယားအစိုးရသည် အထက်ပါ ပြဿနာများကို အသိအမှတ်ပြုပုံရပြီး ကင်မ်ဂျုံအန်းအနေ ဖြင့် “တိုင်းပြည်အကျိုးအတွက် အစာအာဟာရ လျှော့ပေါ့စားသုံး နေသည်” ဟု အနောက်အုပ်စုမီဒီယာများက ရေးသားဖော်ပြကြသည်။

 

Source: rt.com