ဟောင်ကောင်၊ ဒီဇင်ဘာ ၃၀

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့တော်ဖြစ်သည့် ဟောင်ကောင်တွင် တရုတ်ပြည်မကြီးနှင့် သဘောထား ဆန့်ကျင် သူများကို ဆက်လက် နှိပ်ကွပ်လျက်ရှိရာ ဒီမိုကရေစီလိုလားသည့် သတင်းဌာနရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် ပိတ်သိမ်းလိုက်ပြီဟု အေပီသတင်းက ဖော်ပြထားသည်။

အဆိုပါ ဝင်ရောက်စီးနင်းမှုတွင် လက်ရှိအယ်ဒီတာနှင့် အယ်ဒီတာဟောင်းများ၊ လုပ်ငန်းပိုင်း ဘုတ်အဖွဲ့ဝင်များနှင့် သတင်း ထောက်တစ်ဉီးကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးထားသည်။

ထိုသတင်းဌာန တည်ထောင်သူ ဂျင်မီလိုင်းနှင့် ထိပ်တန်းအယ်ဒီတာများ ဖမ်းဆီးခံရပြီးနောက် ပိုင်ဆိုင်မှုများပါ ပိတ်သိမ်းခံရပြီ ဖြစ်၍ ဟောင်ကောင်တွင် နောက်ဆုံးလက်ကျန် ပွင့်လင်းမြင်သာ ဝေဖန်ပြောဆိုသံ တစ်ခုလည်း ဆိတ်သုဉ်းသွားခဲ့ပြီဟု အေပီ က သတင်းဆက်လက် ရေးသားသည်။

ပုံ-ဟောင်ကောင်သတင်းထောက်များ ဖမ်းဆီးခံရစဉ်။(AP)

ပိတ်သိမ်းခံရသော ဝက်ဘ်ဆိုက်လွှင့်တင်ရေးလုပ်ငန်း၏ ဘုတ်အဖွဲ့ဝင်ဟောင်းဖြစ်သည့် အဆိုတော်နှင့် တက်ကြွလှုပ်ရှားသူ ဒစ်နီစီဟို အပါအဝင် ၆ ဦးကို Stand News ရုံးခန်းအတွင်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် ညစ်ညမ်းစာစောင် ထုတ်ဝေရန် ပူးပေါင်းကြံစည်မှုဖြင့် စွဲချက်တင်ထားသည်။

နောက်ပိုင်းတွင် Stand News အယ်ဒီတာဟောင်းနှင့်လက်ထပ်ထားသူ Appl Daily နေ့စဉ် သတင်းစာ အယ်ဒီတာဟောင်းကို ပါ ၇ ဦးမြောက်အဖြစ် ထပ်မံဖမ်းဆီးခဲ့သည်။

၎င်းတို့အပေါ် ရှာဖွေစစ်ဆေးရေးရာတွင် ရဲအင်အား ၂၀၀ ကျော်သုံးခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့ကို ယခုကဲ့သို့ ဖမ်းဆီးနိုင်ရန်အတွက် ယမန်နှစ်က ပြဋ္ဌာန်းခဲ့သော အမျိုးသားလုံခြုံရေးဥပဒေအရ သတင်းမီဒီယာသမားများ ထိန်းသိမ်းရေး ဦးတည်၍ ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖြစ်သည်။

သို့သော် အဆိုပါ ၇ ဦးသည် ဟောင်ကောင်၏ အင်္ဂလိပ်ကိုလိုနီအဖြစ်ရှိစဉ် ၁၉၉၇ ခုနှစ်မတိုင်မီက ရာဇဝတ်မှုဆိုင်ရာဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထိုဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရလျှင် ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဟောင်ကောင်ဒေါ်လာ ၅ ထောင် (အမေရိကန်ဒေါ်လာ ၆၄၀) အထိ ကျခံရမည်ဖြစ်သည်။

ပုံ- အဆိုတော် ဒစ်နီစီဟိုကိုတွေ့ရစဉ်။ (Reuters)

မည်သူမည်ဝါကို ဖမ်းဆီးခဲ့ကြောင်း ဟောင်ကောင်ရဲက ထုတ်မပြောသော်လည်း ဟောင်ကောင်ရှိ South China Morning Post သတင်းစာ၏ အဆိုအရ “ဖမ်းဆီးခံရသူများမှာ Stand News ၏ လက်ရှိ အယ်ဒီတာတစ်ဦးနှင့် အယ်ဒီတာဟောင်း တစ်ဦး၊ အဆိုတော် ဒစ်နီစီဟို၊ လွှတ်တော်အမတ်ဟောင်း မာဂရက်နန် အပါအဝင် ဝက်ဘ်ဆိုက်၏ ဘုတ်အဖွဲ့ဝင်ဟောင်း ၄ ဦး တို့ ဖြစ်ကြောင်း” သိရသည်။

“ကျနော်တို့က သတင်းထောက်တွေကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ မီဒီယာကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ နိုင်ငံ တော် လုံခြုံရေးဆိုင်ရာ ပြစ်မှုတွေကိုပဲ ပစ်မှတ်ထားနေပါတယ်၊ ခင်ဗျားသာ သတင်းပို့ခဲ့ရင်တော့ ဒါမျိုးက ပြဿနာမဟုတ် ဘူးလို့ ထင်ပါတယ်” ဟု ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဌာနမှ အကြီးတန်းရဲအရာရှိ လီကွီဝါ (Li Kwai-wah) က ပြောကြားခဲ့သည်။

Source: AP