CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို အမြန်ဆုံး ပြန်လည် လွတ်မြောက် လာရေးအတွက် ပြည်သူများမှ ဝိုင်းဝန်းဆုတောင်း ကူညီပေးကြပါရန် KNC ပါတီက ထုတ်ပြန် တောင်းဆိုခဲ့သည်။
ဒေါက်တာအမ်ကောန်လသည် ၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့ ညက နေပြည်တော်ကောင်စီနယ်မြေတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး အမှုရင်ဆိုင်နေရသည်။
ထို့နောက် ယနေ့ (ဒီဇင်ဘာ ၃၀ ရက်)တွင် ဒေါက်တာအမ်ကောန်လကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင် ရုံးချိန်းပြန်လည်စစ်ဆေးမည်ဖြစ်သည်။
KNC ပါတီက “ ဖမ်းဆီးထိန်းသိမ်းခံရနေရသည့် ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန် လ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်စေဖို့အရေး ဝိုင်းဝန်း ဆုတောင်းကူညီပေးကြပါရန် တောင်းဆိုပါတယ်” ဟု ပြောသည်။
ပုံ- ဒေါက်တာအမ်ကောန်လကိုတွေ့ရစဉ်
ဒေါက်တာအမ်ကောန်လသည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေး ပဋိပက္ခများ ပြင်းထန်လာစဉ် ကချင်နိုင်ငံရေး သမားတချို့နှင့်အတူ ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့(KPPF)ကို ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ သံယဇာတ ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ထို့နောက် သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေလည်း နိုင်ငံရေး အခြေအနေများကို သုံးသပ် ရေးသား ဖော်ပြမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ သုံးသပ် ရေးသားမှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟုလည်း သတင်းများ ထွက်ခဲ့သည်။
လက်ရှိတွင် ဒေါက်တာအမ်ကောန်လ ဥက္ကဋ္ဌတာဝန်အဖြစ် ယူထားသည့် ကချင်အမျိုးသားကွန်ဂရက်(KNC)သည် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA)အဖွဲ့ဝင်ဖြစ်သည်။